Monday, March 5, 2018

မင်းရဲဒိဗ္ဗ ရေချသေစေ



ကုန်းတိုက်စကားဆိုသည် နှုတ်ဖြင့် ပြောဆိုရုံသာ မဟုတ်။ ပေးစာဖြင့် ရေး၍ ကုန်းတိုက် ခြင်းလည်း ပါဝင်ပေသည်။ ဤကဲ့သို့ ပေးစာဖြင့် ကုန်းတိုက်သော ဇာတ်လမ်းလည်း မှတ်တမ်းအဖြစ် တည်ရှိနေလေသည်။
မြန်မာရာဇ၀င်တွင် အနောက်ဘက်လွန်မင်းသည် နိုင်ငံတော် စည်းလုံးရေးကို  အထူး ဆောင်ရွက်သော မင်းတစ်ပါးဖြစ်သည်။ မိမိနှင့်အတူ ညီတော်သတိုးဓမ္မရာဇာဘွဲ့ခံ မင်းသတိုးနှင့် မင်းရဲကျော်စွာတို့ကိုလည်း ပါဝင်ဆောင်ရွက်စေသည်။
မင်းတရားသည် စည်းလုံးရေး လုပ်ငန်းကို ဆောင်ရွက်ရင်း ပဲခူးချောင်း အနောက်ဘက်၌ စံတော်မူခိုက် သားတော်မင်းရဲဒိဗ္ဗက လုပ်ကြံသဖြင့် အနိစ္စရောက်ရသည်။ မင်းရဲဒိဗ္ဗသည် သဘောတူသူတို့နှင့် တိုင်ပင်ကာ မင်းအဖြစ်ကို ရယူလိုက်သည်။ ထိုအချိန်တွင် အင်အားရှိသော ဘထွေးတော် မင်းသတိုးနှင့် မင်းရဲကျော်စွာတို့သည် အရှေ့ဘက် တစ်လွှား၌ စည်းလုံးရေးစစ်ကို ဆင်နွှဲနေကြ၏။
မင်းရဲဒိဗ္ဗသည် မင်းသတိုးတို့ ညီနောင်ထံ ကုန်းတိုက်သ၀ဏ်စာ ရေး၍ ပေးပို့သည်။
မင်းသတိုးထံ ပေးသော စာတွင်-
'' ညီတော် မင်းရဲကျော်စွာသည်။ မင်းသတိုးကို လုပ်ကြံမည်ဟု ကြံစည်နေကြောင်း
သတင်းကြားရသည်။ မင်းရဲကျော်စွာ မေ့လျော့ချိန်တွင် လုပ်ကြံပါ။ '' - ဟု ပါရှိသည်။ မင်းရဲကျော်စွာထံ ပေးသောစာတွင်လည်း -
'' မင်းသတိုးသည် မင်းရဲကျော်စွာကို လုပ်ကြံမည်ဟု ကြံစည်နေကြောင်း သတင်းကြား
ရသည်။ မင်းသတိုး သတိမေ့လျော့ချိန်တွင် ဖမ်းဆီး၍ လုပ်ကြံပါ။ '' -
ဟု ပါရှိပေသည်။ ဤသ၀ဏ်စာတို့ကို အနောက်ဘက်လွန်မင်းတရားက ပေးပို့လေဟန် လိမ်လည်၍ ရေးသားထားသည်။ ညီနောင်မင်းနှစ်ပါးတို့ အထင်မှားကာ သတ်ဖြတ်ကုန်လျှင် ထီးနန်းရန်သူများကို ဖြေရှင်းပြီးသား ဖြစ်မည်ဟု Óဏ်ဆင်၍ ပေးပို့လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း မင်းသတိုးတို့သည် မိမိတို့ နည်းဟန်ဖြင့် နောင်တော်မင်းတရား လု့ပ်ကြံခံ
ရကြောင်း သိနေနှင့်ကြ၏။ ကုန်းတိုက်စာကို သွားရောက်အပ်နှံသော သံတမန်တို့ ရောက်လျှင် စစ်မေးသည်။ သံတို့ကလည်း '' ကျွန်ုပ်တို့မှာ စေသည့်ကျွန် ထွန်သည့်နွားဖြစ်၍ လာရပါသည်'' ဟု ပြောကာ အဖြစ်မှန်ကို လျှောက်တင်ကြသည်။
မင်းသတိုးတို့ ညီနောင်သည် အင်းဝသို့ ပြန်၍ စစ်ချီလာကြသည်။ နောက်ပိုင်းတွင် မင်းသတိုးသည် မြန်မာ့ထီးနန်းကို အုပ်ချုပ်နိုင်ခဲ့သည်။ မင်းရဲဒိဗ္ဗသည် အခြေအနေမဲ့သဖြင့် ရခိုင် ဘက်သို့ ထွက်ပြေးမည် ပြုရာ မှူးမတ်တို့က ဖမ်းဆီး၍ မင်းသတိုးထံ ဆက်ကြသည်။ မင်းသတိုးသည် မသင့်သော အကြံကို ကြံစည်ခဲ့သော မင်းရဲဒိဗ္ဗအား ရေချ၍ အဆုံးစီရင်လိုက်လေသည်။

ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။

Previous Post
Next Post

About Author

0 comments: