Monday, March 5, 2018

တပင်ရွှေထီးနှင့် ဘုရင့်နောင်



တပင်ရွှေထီးသည် ပေါ်တူဂီလူမျိုး ဘုရင်ဂျီကုလား တစ်ယောက်ကို ကိုယ်လုပ်တော် တစ်ယောက်နှင့် ထိမ်းမြားပေးကာ အပါးတော်၌ ခစားစေခဲ့သည်။ အပါးတော်မြဲကုလားသည် အရက်ကို အကောင်းစား ချက်၍ ဘုရင်အား ဆက်သသည်။ ဘုရင်သည် ကုလားဆက်သော အရက်ကို သောက်ရာ အကြိုက်တွေ့သွားခဲ့သည်။ ထို့ကြောင့်  အရက်ကို အမြဲတမ်း ချက်၍ ဆက်သစေခဲ့သည်။
ဘုရင်သည် အရက်မူးနေချိန်တွင် တိုင်းရေးပြည်မှုကို စ်ီမံခန့်ခွဲ၏။ အရက်မူးနေသဖြင့်
မှန်ကန်စွာ မဆုံးဖြတ်နိုင်ချေ။ '' မင်းမယား သူ့ပေး၊ သူ့မယား မင်းယူ၊ '' စသည်ဖြင့် မအပ်မရာ
 သည်ကိုလည်း ပြုလုပ်သည်။ မလိုလားသူတို့၏ ကုန်တိုက်စကားကိုလည်း ဆင်ခြင်နိုင်မှု မရှိတော့။ ဤသူသည် ပုန်ကန်ဖို့ ကြံစည်နေပါသည်ဟု ဆိုလျှင် စိစစ်ခြင်း မပြုဘဲ ကွပ်မျက်ပစ်လေတော့သည်။ ဤသို့ ပြုဖန်များသော် ဘုရင့်နောင်ကျော်ထင်နော်ရထာက ''  သေရည်သောက်သော အကျင့်ဟာ ဧကရာဇ်မင်းတို့ အကျင့်မဟုတ်ပါ၊ ပယ်တော်မူမှ သင့်ပါမည်၊ ''ဟု အဖန်တလဲလဲ
လျှော်တင်သည်။
ထိုအခါ တပင်ရွှေထီး '' ငါ သေရည်နှင့် အကျွမ်းဝင်နေပြီ။ စွဲလမ်းနေပြီ၊ မဖြတ်နိုင်တော့ ပါ၊ ပြည်အလုံးကိုလည်း ဘုရင့်နောင်သာ စီရင်ပါတော့၊ ငါ့ကို မလျှောက်နှင့်၊ ငါသည် နန်းတော်ထဲမှာ သေရည်အရက်နှင့်ပဲ ပျော်ပျော်နေတော့မည်၊ '' ဟု ပြောလေသည်။
ဤအမိန့်အတိုင်း ပြည်ရေးရွာမှုကို ဘုရင့်နောင်က ကွပ်ကဲနေရသည်။ သို့သော်လည်း ဘုရင်သည် တစ်ခါတစ်ရံတွင် အမြင်မကြည်သော အမတ်တို့ကို သတ်ဖြတ်ရန် မူးမူးဖြင့် အမိန့်ပေးတတ်သေးသည်။ ထိုအမတ်မျိုးကို ဘုရင်နောင်က သိမ်းဝှက်ထားပြီး နောက်မှ လွတ်မြောက်စေရသည်။
ဤသို့ မူးရူးရိုင်းမိုက်နေသဖြင့် မွန် မြန်မာ ရှမ်းအမတ်တို့ စုရုံးတိုင်ပင်ပြီးလျှင် '' ယခု အတိုင်းဆိုလျှင် ပြည်ရွာငြိမ်ဝပ်နိုင်မည် မဟုတ်တော့ပါ၊ ညီတော်မင်းကို လုံခြုံအောင် ထားပြီးလျှင် အရှင်ဘုရင့်နောင် နန်းတက်တော်မူပါ၊ ကျွန်ုပ်တို့သည် အရှင့်အမှုတော်ကို ထမ်းပါတော့မည်၊ '' ဟု လျှောက်ကြသည်။
ထိုအခါ ဘုရင့်နောင်က '' အစ်ကိုတို့- ကျွန်ုပ်တို့မှာ ဘ၀ရှင်မင်းတရားရဲ့ ကျေးဇူးသစ္စာ
ရှိပါသည်၊ သည်စကားကို ကျွန်ုပ်သာ ကြားပါစေ၊ အခြားသူ မကြားပါစေနှင့်၊ ဘုရားရှင် တရားတော်မှာလည်း မတော်မမှန် ကျင့်သောသူသည် အနှစ်တစ်ရာ နေရသည်ထက် တော်မှန် ဖြောင့်စွာ တစ်နေ့နေရသည်က ထိုက်တန်သည်ဟု ဟောတော်မူပါသည်၊ နန်းရပ်ကို လုယူရမည့် မသင့်သော အကြံကို မကြံသင့်ပါ၊ အစ်ကိုတို့အတွက် ကိုယ်ရေးပြဿနာရှိလျှင် ကျွန်ုပ်က တာဝန်ယူ ပါသည်၊ အစ်ကိုတို့ စားမြဲ ကျေးလက်စည်းစိမ်နှင့် ငြိမ်သက်စွာ နေကြပါ၊ '' ဟု ဖျောင်းဖျ၍ ပြောဆိုရလေသည်။
ဘုရင့်နောင်သည် ထီးနန်းရရန် ဘက်ပေါင်းစုံက ထောက်ခံနေပါလျက် သူတစ်ပါး၏ ထီးနန်းစည်းစိမ်ကို မရယူခဲ့ပေ။ ဘုရင့်နောင်သည်လည်း အဘိဇ္ဈာညာဉ်ကို ရှောင်ကြဉ်သော မင်းတစ်ပါးအဖြစ် မှတ်တမ်းတင်ရပါသည်

ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။

Previous Post
Next Post

About Author

0 comments: