Monday, March 5, 2018

မူးယစ်သောက်စား ခြောက်ပါးပြစ်



မူးယစ်သေစာ သောက်စားခြင်းကြောင့် မျက်မှောက်ဘ၀၌ပင် အပြစ်ခြောက်ပါး ဒုက္ခများကို ခံစာရနိုင်ကြောင်း ဘုရားရှင်က ဒီဃနိကာယ်၊ ပါထေယျဝဂ်၊ သိင်္ဂါလသုတ်၌ ဟောကြားထား ခဲ့ပါသည်။
၁။ စီးပွားဥစ္စာ ပျက်စီးကုန်ခန်းခြင်း။      ။ သေရည်သည် အလကားရသည် မဟုတ်။ တန်ဖိုးပေး
၍ ၀ယ်ယူသောက်သုံးရ၏။ နေ့စဉ် သောက်သုံး နေသူသည် နေ့စဉ် ငွေကုန်နေရသည်။ ထို့ပြင် မူးယစ်နေသောကြောင့် မိမိပစ္စည်းဥစ္စာကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်း မရှိတော့ပေ။ ခိုးသူတို့ ရန်ကြောင့်လည်း ကုန်ခန်းရပြန်သည်။ ထိုကြောင့် သေသောက်သမားသည် အဘက်ဘက်မှ စီးပွားဆုတ်ယုတ်
ရန်အကြောင်း ရှိလေသည်။
၂။ ခိုက်ရန်များခြင်း။ ။ အရက်သောက်သူသည် မူလစိတ်ကို မရရှိနိုင်တော့။ စိတ်ဖောက်ပြန် လာပြီး ရမ်းကားလိုစိတ် ဖြစ်လာသည်။ တိုက်ခိုက်လိုစိတ်ဖြင့်
ရန်စတတ်သည်။ ၎င်းနောက် လူအချင်းချင်း ခိုက်ရန် ဖြစ်ပွားရလေသည်။
၃။ ရောဂါဖြစ်ခြင်း။  ။ အရက်သည် လူသားကို ရောဂါဘယ ဖြစ်စေသည်။ အရက်ကြောင့် ဖြစ်သော ရောဂါမှာ များပြားလှသည်။ အခိျု့သည် အရက်ရောဂါ
ကြောင့် သေဆုံးကုန်ကြသည်။ အရက်သောက်လျှင် သေမည်ဟု သိသော်လည်း မဖြတ်နိုင်ဘဲ
အသေခံ၍ သောက်သုံးသွားကြလေသည်။
၎။ ကျော်စောသတင်းမဲ့ခြင်း။      ။ လူသည် မည်မျှပင် ပညာတတ်သည်ဖြစ်စေ၊ အရက်စွဲနေပြီ
ဆိုလျှင် ' အရက်သမား ' ဟူသော နာမည်ဆိုးက အခြား
ဂုဏ်သတင်းကို ချေဖျက်ပစ်လိုက်၏။ ပတ်ဝန်းကျင်ကလည်း အရေးမထားဘဲ မလေးစားကြ တော့ပေ။ အိမ်ကိုလာလျှင်ပင် စကားလက်ခံ၍ မပြောလိုကြတော့ချေ။
၅။ အရှက်အကြောက် ကင်းခြင်း။ ။ အရက်သောက်လျှင် အရှက်အကြောက်ဟူ၍ မရှိတော့။
ပြောရဲ ဆိုရဲ ဆဲရဲ ဆူရဲ ဖြစ်လာသည်။ ပတ်ဝန်းကျင် ကိုလည်း ဂရုမစိုက်။ မိမိကိုယ်ကိုလည်း ဂရုမစိုက်။ အ၀တ်မပါ ကိုယ်ချည်းလည်း သွားရဲသည်။
ရှက်ကြောက်မှု မရှိတော့ချေ။
၆။ အသိပညာနည်းခြင်း။  ။ အသိပညာဟူသည် သတိနှင့် သညာကို အမှီပြု၍ ဖြစ်ပေါ်
လာရ၏။မူးယစ်သေစာကို မှီဝဲသူသည် သတိကိုလည်း
မေ့လျော့စေ၏။ သညာကိုလည်း ဆုတ်ယုတ်စေ၏။ ထိုအခါ အသိပညာသည်လည်း အားပျော့
ယုတ်လျော့ သွားရလေသည်။



သေရည်သောက်စား မူးယစ်သမားသည် ဘက်ပေါင်းစုံက ကျဆုံးစေသဖြင့် ဗုဒ္ဓဘုရားက မူးယစ်စေသော ပစ္စည်းတို့ကို ရှောင်ကြဉ်နိုင်ရန် အပြစ်စုံပြ၍ ဆုံးမတော်မူခြင်း ဖြစ်လေသည်။ အရက်ကို စွဲလမ်းစွာ သောက်သဖြင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ကျန်းမာရေး
ဝန်ကြီးဌာနကလည်း အောက်ပါအတိုင်း ကျေညာချက် ထုတ်ပြန်ထားပါသည်။


အရက်ကြောင့်ဖြစ်သည် ရောဂါများ
အရက်ကို လွန်ကျွံစွာနှင့် စွဲလမ်းစွာ သောက်သုံးခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများမှာ-
- အသည်း ရောင်ခြင်း ၊
- အသည်း ခြောက်ခြင်း ၊
- သွေးအန်ခြင်း ၊
-       အစာအိမ်ရောဂါ ဖြစ်ခြင်း ၊
- နှလုံးရောဂါ ဖြစ်ခြင်း ၊
-       ဦးနှောက်နှင့် အာရုံကြော ထိခိုက်ခြင်း ၊
- စိတ်ရောဂါ ဖြစ်ခြင်း စသည်တို့ ဖြစ်ပါသည်။
အရက်ကြောင့် ဖြစ်တတ်သော စိတ်ရောဂါများမှာ-
၁။ ကယောင်ကတမ်း ဖြစ်ခြင်း၊ ကြောက်လန့်ခြင်း၊ အချိန်၊ နာရီ၊ နေရာ၊ လူ ခန့်မှန်းနိုင် စွမ်း မရှိခြင်း၊ ကြောက်စရာ၊ လန့်စရာတို့ကို မြင်ရခြင်း၊ အသံဗလံများ ကြားရခြင်း၊ ပိုးမွှားများ ခန္ဓာကိုယ်ပေါ် ရွစိရွစိ သွာသလို ခံစားရခြင်း၊ လက်တုန်ရောဂါ ဖြစ်တတ်ခြင်း၊
၂။ အရက်အလွန်အကျွံ သောက်သည့်အခါတွင် လူမရှိဘဲ နားထဲတွင် ခေါ်သံများ၊ ခြိမ်းခြောက်သံများ၊ စော်ကားမော်ကားသံများ ကြားနေရတတ်ခြင်း၊
၃။ အတက်ကြီးရောဂါ ဖြစ်ခြင်း၊ (၀က်ရူးပြန်ရောဂါကဲ့သို့ တက်ခြင်း၊ )
၎။ စိတ်ဓာတ်ကျ ရောဂါဖြစ်ခြင်း၊
၅။ စိတ်ဖောက်ပြန်ခြင်း၊
၆။ ဦးနှောက်ခိျု့ယွင်းခြင်း၊
၇။ အရက်နှင့် မတည့်သူများသည် အရက်အနည်းငယ် သောက်ရုံဖြင့် ရုတ်တရက် စိတ်ဖောက်ပြန်တတ်ခြင်း၊
၈။ မိမိဇနီးကို အထင်အမြင်လွဲမှားခြင်းများ ဖြစ်တတ်ခြင်း၊
၉။ အရက်ကြောင့် ရာဇ၀တ်မှုများ ကျူးလွန်သည်အထိ ဖြစ်တတ်ခြင်း၊
အထက်ပါ ဆိုးကျိုးများကို မခံစားရစေရန် အရက်သောက်သုံးခြင်း၊ အထူးသဖြင့် အလွန်အကျွံ သောက်သုံးခြင်း၊ အရက်ကို စွဲလမ်းစွာ သောက်သုံးခြင်းတို့မှ ရှောင်ကြဉ်ကြရန် တိုက်တွန်းအပ်ပါသည်။ အရက်စွဲရောဂါ ဖြစ်ပွားပါက စိတ်ကျန်းမာရေး ဆေးရုံနှင့် ကုသရေး ဌာနများတွင် စနစ်တကျ ကုသမှု ခံယူကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။

Previous Post
Next Post

About Author

0 comments: