သက္ကရာဇ် ၈၄၂-ခုနှစ်တွင် ဒုတိယဘုရင်မင်းခေါင် နန်းတက်သည်။ မင်းခေါင်သည်
မိမိ သားတော်ကို မဟာသီဟသူရဘွဲ့ဖြင့် မင်းမြှောက်၍ နန်းထက်တွင် မင်းနှစ်ပါး အပြိုင်မင်းပြု
နေကြသည်။ မင်းခေါင်သည် ထူးခြားသော မင်းနှစ်ပါးစနစ်ကို ထူထောင်ထား၏။
မင်းနှစ်ပါးတွင် သားတော်မင်းသည် ၈၆၂-ခု၊ တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင်
အနိစ္စ
ရောက်သည်။ ခမည်းတော်မင်းခေါင်လည်း တန်ခူးလပြည့်ကျော် ၅-ရက်နေ့တွင်
အနိစ္စ ရောက်ပြန်သည်။ မင်းနှစ်ပါးသည် ၃၄-ရက်သာ ကွာခြားကြ၏။
မင်းနှစ်ပါး မရှိလျှင် မင်းခေါင်၏ သားတော်အငယ် နရပတိသည် ထီးနန်းကို
ဆက်ခံ၏။ ထိုအချိန်တွင် မင်းပြိုင်လုပ်ခဲ့သော မဟာသီဟသူရမှာလည်း သားတော် ရွှေနော်ရထာ ကျန်ရစ်သည်။
ရွှေနော်ရထာ၏ ကျွန်များသည် ရွှေနော်ရထာကိုပင် နန်းတင်လိုကြ၏။ နရပတိကို သတ်၍ ရွှေနော်ရထာကို
နန်းတင်ရန် အဖျက်ညာဏ်ဖြင့် အကြံထုတ်နေကြသည်။
တစ်နေ့တွင် ရွှေနော်ရထာ၏ကျွန် ငသောကြာသည် နရပတိမင်း အမှတ်မဲ့ နေချိန်၌
ဓားဖြင့် လှမ်းခုတ်သည်။ သို့ရာတွင် ဘုရင်ကို မခုတ်မိဘဲ ထီးဖြူရိုးကို ခုတ်မိ၏။ ထိုစဉ်
ရေနံ့သာစား ငရွှေကျိုင်းက ရုတ်တရက် ထ၍ ငသောကြာကို သိမ်းဖက်ထားလိုက်သည်။ ငသောကြာက
ရုန်းသော်လည်း လွှတ်မပေး။ နှစ်ဦးသား လုံးထွေးနေကြစဉ် ငရွှေကျိုင်းက
'' ငသောကြာ လွတ်လျှင် အရှင်မင်းမြတ် ဒုက္ခရောက်ပါလိမ့်မည်၊ နှစ်ဦးလုံးကို လုပ်ကြံတော်မူပါ၊
'' ဟု လျှောက်သည် နရပတိမင်းသည် ငရွှေကျိုင်းကို လွတ်အောင် ရှောင်၍ ငသောကြာကိုပင် ရွေး၍
ဓားဖြင့် ခုတ်သည်။ ငသောကြာလည်း နန်းထက်မှာပင် သေပွဲဝင်ရတော့သည်။
ဤကိစ္စနှင့် ပတ်သက်၍ ဆက်လက် စစ်မေးရာ ကြံရာပါ ရွှေနော်ရထာ၏ ကျေးကျွန်တို့ကို
သတ်ဖြတ်သည်။ ရွှေနော်ရထာကိုလည်း ရေချ၍ သတ်လိုက်လေသည်။ ငသောကြာ၏ အဖျက်စိတ်ကြောင့် အသက်များစွာ
သေဆုံးကြရလေသည်။
ထို့ကြောင့် မကောင်းမှု အမှန်၊ မကောင်းကျိုးကို ဧကန်ဖြစ်စေသော ဗျာပါဒကံ
စရိုက်ဆိုး
တရားကို ရှောင်ရှားကြကုန်ရာ၏။
။
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။
0 comments: