Monday, March 5, 2018

မုသားမပါ လင်္ကာမချော



နှုတ်မှုကံ စရိုက်ဆိုးအဖြစ် စာရင်းဝင်သော မကောင်းမှုမှာ မိမိက လိမ်ညာလိုက်သဖြင့် လူတစ်ဖက်သား ဒုက္ခရောက်စေသော လိမ်ညာမှုမျိုးကို ခေါ်ပါသည်။ ဤသို့ မဟုတ်ဘဲ သာမန် လိမ်ညာမှုမျိုးမှာ ကံမြောက်သည်ဟု မဆိုရပါ။
-       မိမိဥစ္စာ မပေးလို၊ မချေးလို၍ ပြောသော မုသားစကား ၊
-       ပြောင်လှောင် ပြက်ရယ်ပြောသော မုသားစကား ၊
-       ခိုးသားဓားပြ လုယက်မှာစိုး၍ ပြောသော မုသားစကား ၊
- သားသမီးတို့ကို လှည့်စားသော မိဘ၏ မုသားစကား ၊
-       သူတစ်ပါး ချမ်းသာစေရန် လှည့်စား၍ ပြောသော မုသားစကား -
စသည်တို့မှာ မုသားမမြောက် ကံမလောက်ချေ။ လူတို့သည် မိမိတို့ အကျိုးစီးပွားကို မထိခိုက်စေရန် အသေးစား မုသားများကို အသုံးပြု၍ ပြောကြားလေ့ ရှိကြပါသည်။ ဤမုသားစကား အသေးအမွှား များအတွက် '' မုသားမပါ လင်္ကာမချော '' ဟူသော ဆိုရိုးစကားကို ဖြစ်စေခဲ့ပါသည်။
မုသားမပါ လင်္ကာမချောဆိုသော စကားအရ သူတစ်ပါး ချမ်းသာစေရန် ဥပါယ်တံမျည်ဖြင့် ပြောကြားသော ဇာတ်လမ်းလည်း ခပ်ဆန်းဆန်း ရှိခဲ့ဖူးပါသည်။


ဘုရင်လှူဒါန်းသည့် ဆွမ်းအလှူတော်
သက္ကရာဇ် ၇၁၄-ခုနှစ်တွင် နန်းတက်သော ငါးစီးရှင်ကျော်စွာမင်းသည် စားတော်ခေါ်ကာ နီးတွင် ရှင်ယောင်တစ်ဦးက ဆွမ်းရပ်လာသည်။ ဘုရင်သည် လက်ဆေးပြီးမှ မိမိမစားတော့ဘဲ မနောလင်ပန်းဖြင့် ပြင်ထားသော စားတော်အားလုံးကို သပိတ်ထဲသို့ လောင်းလှူလိုက်သည်။
ဘုရင်သည် မိမိလှူဒါန်းသော ပုဂ္ဂိုလ်မှာ ဈာန်ရှင်ရဟန္တာဟု အထင်ရှိသဖြင့် အမတ်တစ်ဦး ကို လိုက်၍ ကြည့်စေသည်။ အမတ်လည်း ရဟန်းယောင် နောက်သို့ လိုက်ကြည့်သည်။ မြို့ပြင် ရောက်လျှင် ဆွမ်းသပိတ်ကို မယားက ဆီး၍ ယူသည်။ ရဟန်းတုလည်း လူဝတ်လဲကာ ပွဲတော် စာကို စားသုံးကြတော့သည်။
အမတ်သည် နန်းတော်သို့ ပြန်ရောက်လျှင် '' အရှင်မင်းမြတ် လှူဒါန်းလိုက်သော
ရဟန်းသည် ကျွန်တော်မျိုး ကြည့်နေစဉ် မြို့အပြင်၌ ပျောက်ကွယ်သွားပါသည်၊ '' ဟု ဥပါယ်တံမျဉ် ဖြင့် လျှောက်တင်သည်။ ငါးစီးရှင် ဘုရင်လည်း '' ငါထင်သည့်အတိုင်း ဈာန်ရှင်ရဟန္တာ မှန်ပေပြီ၊'' ဟု လက်ရုံး လက်မောင်းတန်းကာ ၀မ်းသာအားရ ပြောလေသည်။
ဤကဲ့သို့် လျှောက်ထားသော ဥပါယ်တံမျဉ် စကားသည် မုသားကံ မထင်ရှားဘဲ အကျိုးကောင်းတရားကိုပင် ဖြစ်ပွားစေခဲ့ပါသည်။ သို့ဖြစ်ရာ မုသားစကား ပြောသော်ငြားလည်း စိတ်ထားမူလ ပဓာနဟု ဆိုရပါမည်။

ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။

Previous Post
Next Post

About Author

0 comments: