ရှေးသူတော်ကောင်း သူမြတ်လောင်းတို့သည် မိမိအတွက် ရပိုင်ခွင့် ပစ္စည်းများကိုပင်
တရားသလော၊ မတရားသလော၊ ယူသင့်သလောဟု စစ်ကြောပြီးမှ ရယူလေ့ ရှိကြ၏။ မိမိမယူ ထိုက်သော
ပစ္စည်းကို ရယူခြင်း မရှိကြချေ။
ဘုရင်မင်းခေါင်ကြီး လက်ထက်တွင် မြင်းမူရွာက သူဌေးတစ်ယောက်သည် ရောဂါ
သည်းထန်နေသဖြင့် ပစ္စည်းဥစ္စာတို့ကို သားမြေးတို့အား ဝေငှပေးသည်။ ရွှေ ၁၀-ပတ်နှင့် ငွေ
ပိဿာ ၁၀၀၀-တန်သော ပတ္တမြားတစ်လုံးကို မင်းအတွက် ခွဲခြားထားသည်။ ထိုသူဌေးသေလျှင် ပစ္စည်းတို့ကို
ဘုရင်မင်းခေါင်အား လာရောက် ဆက်သကြ၏။ ဘုရင်က '' ဘာအတွက် ပစ္စည်း တွေလဲ '' ဟု မေးသည်။
ဆက်သသူတို့က '' မြင်းမူသူဌေး၏ အမွေဖြစ်သည်၊ '' ဟု လျှောက်ကြ၏။ ထိုအခါ '' အမွေဆိုလျှင်
သူ့သားမြေးတွေကို ပေးလိုက်၊ ငါနှင့် မဆိုင်၊ '' ဟု ငြင်းလေသည်။
'' အရှင်မင်းမြတ်အတွက် အမွေပေးခြင်း မဟုတ်ပါ၊ သူဌေးကြီး မသေမီကပင်
လက်ဆောင် တော် ဆက်သဖို့ သီးသန့် ထားခဲ့သော လက်ဆောင်တော် ဖြစ်ပါသည်၊ '' ဟု လျှောက်တင်မှ
လက်ခံ သိမ်းပိုက်တော်မူလေသည်။
စည်သူကျော်ထင်နှင့် ရွှေငါးပိဿာ
သက္ကရာဇ် ၉၁၃-ခုတွင် စည်သူကျော်ထင်သည် နရပတိအမည်ဖြင့် အင်းဝရွှေနန်းကို
သိမ်း၍ မင်းပြုသည်။ ထိုမင်းသည် နံနက်အချိန်၌ ဥဒေတယံကို အခေါက် ၁၀၀၀၊ ညအချိန်၌ အပေတယံကို
အခေါက် ၁၀၀၀-ရွတ်သည်။
တစ်နေ့သောအခါ စစ်ကိုင်းအရပ်မှ မိန်းမငယ် တစ်ယောက်သည် ရက်ကန်းစင်တူးရာတွင်
ရွှေငါးပိဿာ ရသည်။ မိန်းမငယ်သည် ရွှေအိုးကို ယူလာပြီး စည်သူကျော်ထင်အား ဆက်သသည်။ မင်းသည်
ဥဒေတယံကို ရွတ်နေသဖြင့် မှူးမတ်တို့က '' တစ်ဝက်ကို အရာတော်အဖြစ် ထားခဲ့၊ တစ်ဝက်ကို
ယူသွား၊ '' ဟု ပြန်ပေးလိုက်သည်။
ထိုနောက် ရွှေအိုးကို နရပတိမင်းအား ဆက်သကြသည်။ နရပတိမင်းက အကျိုးအကြောင်း
ကို မေးရာ အဖြစ်မှန်ကို လျှောက်တင်ကြ၏။ မင်းတရားက '' မှူးတော် မတ်တော်တို့၊ အစ်ကိုတို့ဟာ
မြို့တော်ပတ်လည်မှာ တစ်နေ့ကို တွင်း ၁၀၀၀-တူးသော်လည်း ရွှေအိုးကို ရမှာ မဟုတ်ဘူး၊ ရှေးမင်းတို့လည်း
မိမိတို့ နိုင်ငံတွင်းက ရွှေအိုး ရွှေတောင့်တို့ကို ဆင်းရဲသားတို့ ရရှိလျှင် မသိမ်းယူကြပါ၊
ယခုလည်း ရွှေအိုးကို တစ်ဝက် မသိမ်းယူသင့်ဘူး၊ အားလုံးကို မိန်းမငယ်အား
ခေါ်၍ အပ်စေ၊ '' ဟု အမိန့်ရှိသဖြင့်
ပြန်လည် ပေးအပ်လိုက်ရလေသည်။
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။
0 comments: