ကိုထူး။ ။ တပည့်တော် ရောက်ပါပြီဘုရား။
အရှင်။ ။ လာလာ၊ ကိုထူး၊ တစ်နေ့က
တောင်းပန်ကြသူများအကြောင်းက လက်စ မသတ်ဖြစ်ခဲ့ကြဘူးနော်။
ကိုထူး။ ။ တင်ပါ့။ အပြစ်ရှိရင် ချေဖျက်ဖို့
အကောင်းဆုံးနည်းလမ်းက “တောင်းပန်ခြင်းနည်းလမ်း” လို့ ဆရာတော်
အမိန့်ရှိခဲ့ပါတယ်ဘုရား။ ပြီးတော့ အဲဒီအကြောင်းကို ဓမ္မပဒပါဠိတော်-အဋ္ဌကထာ
များမှာလာတဲ့ သောရေယျဝတ္ထုကိုထောက်ဆပြီး သိနိုင်ကြောင်း အမိန့်ရှိခဲ့ပါတယ် ဘုရား။
အရှင်။ ။ ဟုတ်ပြီဗျာ။ ဟိုနားထောင်နေတဲ့
ဒကာကြီးတွေပါ သိရအောင် သောရေယျ ဝတ္ထုကြောင်းကို အကျဉ်းလောက် ပြောကြဦးစို့ရဲ့။
ပြီးမှ ဘယ်လို အနေအထားမျိုးတွေမှာ ပြစ်မှားမိတတ်တယ်။ ဘယ်လိုအနေအထားတွေမှာ
တောင်းပန်ဖြစ်တတ်တယ်ဆိုတာကို မက်သတ် (Method) ထုတ်ကြည့်ကြတာပေါ့။
ကိုထူး။ ။ တင်ပါ့ဘုရား။
အရှင်။ ။ ဘုရားရှင်လက်ထက်တော်က သောရေယျမြို့မှာ
သောရေယျဆိုတဲ့ သူဌေးသားကလေး တစ်ယောက်ရှိခဲ့တယ်။ ကလေးနှစ်ယောက် အဖေပေါ့။ တစ်နေ့
သူငယ်ချင်းတွေနဲ့အတူ မြစ်ဆိပ်ကို ရေချိုးသွားရာမှာ အရှင်ကစ္စည်းမထေရ်မြတ်ကို
သူတွေ့လိုက်ရတယ်။ အရှင်ကစ္စည်းမထေရ်ဆိုတာ အသားအရေ ဝါဝါဝင်းဝင်းနဲ့ အင်မတန်
သပ္ပါယ်လှတယ်လို့ဆိုတယ်။ အဲဒီမှာတင် သောရေယျ သူဌေးသားရဲ့ စိတ်ထဲမှာ “ဒီ ရဟန်း
ငါ့မိန်းမ ဖြစ်သွားရင် ဘယ်လောက်ကောင်းမလဲ၊ ငါ့မိန်းမသော် လည်း ဒီရဟန်းလို
ဝါဝင်းလှပသွားရင် ဘယ်လောက်ကောင်းမလဲ” လို့ ကြံစည်မိတယ်လို့ဆိုတယ်။
ကိုထူး။ ။ ဆိုးလိုက်တာဘုရား။ လူတစ်ရာ
တစ်ထောင်မှာ တစ်ယောက်သော်မှ ကြံစည်ဖြစ်ဖို့ ခဲယဉ်းလွန်းတဲ့ ကြောက်စရာ အကြံအစည်ပါပဲ
ဆရာတော်။
အရှင်။ ။ အေးဗျ။ အဲသလို ကြံစည်မိတဲ့ခဏမှာပဲ
အဲဒီသူဌေးသားဟာ ယောက်ျားအသွင် ကွယ်ပျောက်ပြီး ယောက်ျားစစ်စစ်ကနေ
မိန်းမဘဝဖြစ်သွားပါသတဲ့ ကိုထူးရဲ့။
ကိုထူး။ ။တင်ပါ့။ သူ့ဇာတ်လမ်းတော့ ကြားဖူးပါတယ်
ဆရာတော်။ ဒါပေမယ့် ဆက်ပြောပါဦးဘုရား။
အရှင်။ ။ အဲဒီမှာတင် ဘယ်သူ့ကိုမှ
အသိမပေးရဲတော့ဘဲ ရှက်ရှက်နဲ့ ထွက်ပြေးလာလိုက်တာ တက္ကသိုလ်ပြည်သား လှည်းသမား
အဖွဲ့နဲ့တွေ့ပြီး တက္ကသိုလ်သူဌေးသားနဲ့ ပေးမြားခံရ၊ မိန်းမဘဝနဲ့ သားနှစ်ယောက်ရပါသတဲ့။
သောရေယျမြို့ မှာတော့ သေပြီအထင်နဲ့ သူ့ကိုရည်စူးပြီး ဆွမ်းသွတ်ပြီးကြပြီပေါ့လေ။
ကိုထူး။ ။ တင်ပါ့ဘုရား။
အရှင်။ ။ ဒီလိုနဲ့ တစ်နေ့တော့ သောရေယျမြို့က
သူ့သူငယ်ချင်းတစ်ယောက် တက္ကသိုလ်ပြည်ကို ရောက်လာတာကိုတွေ့တော့ အိမ်ကိုခေါ်ပြီး
ကျွေးမွေး၊ မိုက်မှားမိသမျှ အကြောင်းစုံ ပြန်ပြောပြပြီး ငိုကြွေးရှာပါသတဲ့။
ကိုထူး။ ။ တင်ပါ့ဘုရား။
အရှင်။ ။ သူငယ်ချင်းဖြစ်သူက “ဒီလိုဆို
အရှင်မြတ်ကိုတောင်းပန်ကြရအောင် ဆွမ်းကိစ္စ စီစဉ်ထားနှင့်ပါ။ ငါသွားပြီး
ပင့်ချေမယ်ဆိုပြီး” အရှင်မြတ်ကို ဆွမ်းစားသွားပင့်တယ်။ ကံကောင်းတာက အရှင်ကစ္စည်း
မထေရ်မြတ်ကလည်း အဲဒီအချိန်မှာ တက္ကသိုလ်ပြည်မှာ ရှိနေတာပါပဲ။
ကိုထူး။ ။ တင်ပါ့ဘုရား။
အရှင်။ ။ အရှင်မြတ်ကို ဆွမ်းကပ်ပြီးကြတဲ့အခါ
မိတ်ဆွေသူဌေးသားက လျှောက်ထားပါတယ်။ “အရှင်ဘုရား၊ ဒီဒကာမကလေးကို
သည်းခံတော်မူပါဘုရား” ပေါ့။ “ဘာကြောင့်လဲ၊ ဘာကိုသည်းခံ ရမှာလဲ” ပြန်မေးတော့
ဖြစ်ကြောင်းကုန်စဉ်ကို လျှောက်ထားကြရတယ်။ အဲဒီမှာ အရှင်မြတ်က “ဒီလိုဆို အပြစ်က
လွတ်ကင်းပါစေ၊ သင့်အပြစ်တွေကို ငါသည်းပါတယ်” လို့ မိန့်တော်မူတယ်။ အဲဒီခဏမှာပဲ
မိန်းမဘဝကနေ ယောက်ျားစစ်စစ် ပြန်ဖြစ်သွားပါသတဲ့ ကိုထူးရဲ့။
ကိုထူး။ ။ တင်ပါ့။ သူ့ယောက်ျား
တက္ကသိုလ်သူဌေးသားကလေးကတော့ “ဘယ့်နှယ် သူ့မိန်းမက ယောက်ျားကြီး ဖြစ်သွားရသတုန်း”
ဆိုပြီးတော့ ကြောင်အန်းအန်း ဖြစ်နေရှာမှာပဲ ဘုရား။
အရှင်။ ။ ပေါက်ပေါက်ရှာရှာ ကိုထူးရာ။ အေးလေ၊
အဲလို နေပေမှာပေါ့။ နောက်ပိုင်း အရှင်ကစ္စည်း မထေရ်ဆီမှာပဲ ရဟန်းပြုသွားပြီး
ရဟန္တာဖြစ်သွားတာတွေကိုတော့ ထားလိုက်ပါတော့။ ခု ဦးဇင်းတို့ ဆွေးနွေးကြမယ့်
တောင်းပန်ခြင်း အပိုင်းကို ဒီလောက်ဆို ပြောလို့ရပါပြီ။
ကိုထူး။ ။ တင်ပါ့ဘုရား။
အရှင်။ ။ ကိုင်း ဒါဖြင့်၊ ဒီဝတ္ထုမှာ
ပြစ်မှားမိတဲ့အပိုင်းကို အရင်ကြည့်ကြရအောင်။ ပြစ်မှားတယ် ဆိုတဲ့ နေရာမယ်
ပြစ်မှားတဲ့သူရယ်၊ အပြစ်မှားခံရသူရယ်လို့ နှစ်ဘက်မလိုပေဘူးလား။
ကိုထူး။ ။ နှစ်ဘက်လိုပါတယ်ဘုရား။
အရှင်။ ။ အဲ..ဒီနေရာမှာ ကြားဖြတ်ပြီး ဒေါသနဲ့
ပြစ်မှားပုံကို အရင်ပြော၊ ပြီးမှ ဒီသောရေယျဝတ္တုမှာ လာတဲ့ ရာဂနဲ့ ပြစ်မှားပုံကို
ပြောပြရရင် ပိုပြီး နားရှင်းစရာရှိတယ်။ ဒေါသနဲ့ ပြစ်မှားတာက ပိုပြီးထင်ရှားတော့
ပိုပြီးနားလည်လွယ်နိုင်တာကိုး ကိုထူးရဲ့။
ကိုထူး။ ။ တင်ပါ အဆင်ပြေသလိုသာ မိန့်ပါဘုရား။
အရှင်။ ။ ကောင်းပြီ။ ဒေါသနဲ့ ပြစ်မှားမယ့်သူဟာ
ကိုယ့်ကိုယ်ကိုယ်ကျတော့ ကိုယ့်ဂုဏ်ကျေးဇူးကို ကြည့်တတ်တယ်၊ တစ်ဘက်သားကို ကျတော့
တဖက်သားရဲ့ အပြစ်ကိုကြည့်တတ်တယ်။ ကိုယ့်ဂုဏ်ကျေးဇူးကို ကြည့်တဲ့အခါကျတော့ “ငါက
သူ့ကို ဒီလိုတောင် လုပ်ပေးခဲ့ တာပဲ၊ ငါ့ဘက်က ဘာမှားတာရှိလို့လဲ” စသဖြင့်
ကိုယ့်ကိုယ်ကိုယ် ထောင်လွှားတက်ကြွတဲ့ “မာန” ဖြစ်လာတယ်။ တစ်ဘက်သားရဲ့ အပြစ်ကို
ကြည့်တဲ့အခါကျတော့ “ကြည့်စမ်း၊ သူကောင်းခဲ့တယ်ဆိုတာက ဘာများဟုတ်လို့တုန်း၊
သူဒီလိုလုပ်တာ ကောင်းသလား၊ တကယ်ဆို သူ့အနေနဲ့ ဒီလို မလုပ်သင့်ဘူး၊ ဒီလို
မပြောသင့်ဘူး” စသဖြင့် တဖက်သားကို မကျေနပ်တဲ့ “ဒေါသ” ဖြစ်မလာပေဘူးလား။
ကိုထူး။ ။ ဖြစ်လာပါတယ်ဘုရား။
အရှင်။ ။ အဲဒီတော့ ကိုယ့်ဂုဏ်ကျေးဇူးကိုကြည့်တော့
ကိုယ့်ကိုယ်ကိုထောင်လွှားတဲ့ မာန၊ တဖက်သားရဲ့ အပြစ်ကိုကြည့်တော့ တဖက်သားကို
မကျေနပ်တဲ့ ဒေါသ၊ အဲဒီနှစ်ခုကို အကြောင်းပြုပြီး ကံသုံးပါးနဲ့
ပြစ်မှားကျူးလွန်ကြတော့တာပါပဲ။ အဲဒီတော့ ဒီမှာ ချရေးပြမယ်၊ ကြည့်…။
“မိမိဂုဏ်ကျေးဇူးကိုကြည့်၍ ဖြစ်လာသော (မာန) (သို့မဟုတ်) တဖက်သား၏ အပြစ်ကိုကြည့်၍
မကျေမနပ်ဖြစ်လာသော (ဒေါသ) = ကံသုံးပါးဖြင့် ပြစ်မှားကျူးလွန်းခြင်း” ဆိုပြီး
မက်သတ်တစ်ခု ရလာတယ်။ ချုပ်လိုက်တော့.. “မာန (သို့မဟုတ်) ဒေါသ = ပြစ်မှားခြင်း”
ဆိုပြီး မက်သတ် (method) တစ်ခု ထွက်မလာပါလား။
ကိုထူး။ ။ ထွက်လာပါတယ်ဘုရား။
အရှင်။ ။ အဲဒါလို မာနကြောင့် ပြစ်မှားတာကို
ပဋ္ဌာန်းပါဠိတော်မှာ.. "မာနံ ဥပနိဿာယ ပါဏံ ဟနတိ၊ အဒိန္နံ အာဒိယတိ၊ မုသာ ဘဏတိ၊
ပိသုဏံ ဘဏတိ၊ ဖရုသံ ဘဏတိ၊ သမ္ဖံ ပလပတိ၊ သန္ဓိံ ဆိန္ဒတိ၊ နိလ္လောပံ ဟရတိ၊ ဧကာဂါရိကံ
ကရောတိ၊ ပရိပန္ထေ တိဋ္ဌတိ၊ ပရဒါရံ ဂစ္ဆတိ၊ ဂါမဃာတံ ကရောတိ၊ နိဂမဃာတံ ကရောတိ၊ မာတရံ
ဇီဝိတာ ဝေါရောပေတိ၊ ပိတရံ ဇီဝိတာ ဝေါရောပေတိ၊ အရဟန္တံ ဇီဝိတာ ဝေါရောပေတိ၊ ဒုဋ္ဌေန
စိတ္တေန တထာဂတဿ လောဟိတံ ဥပ္ပါဒေတိ၊ သံဃံ ဘိန္ဒတိ။ "လို့ ဟောတော်မူတယ် ။ ဒေါသနဲ့
ပြစ်မှားတာကိုကျတော့… ဒေါသံ ဥပနိဿာယ ပါဏံ ဟနတိ.. စသည်ဖြင့် တူတူပဲ ဆက်ဆိုပေါ့ဗျာ။
ကိုထူး။
။ တင်ပါ့ဘုရား။
အရှင်။
။ မြန်မာလို ပြန်လိုက်ရင်.. “မိမိကိုယ်ကိုယ်ထောင်လွှားခြင်း မာနကို
အားကြီးသောမှီရာပြု၍ သူ့အသက်ကိုသတ်၏၊ သူ့ဥစ္စာကိုခိုး၏၊ မမှန်စကားဆို၏။ ကုန်းချော၏။
ကြမ်းတမ်းသောစကားကို ဆို၏။ ပြိန်ဖျင်းသော စကားကို ပြောဆို၏။ ခြံစည်ရိုးကို ချိုးဖျက်၏။
လုယက်၏။ အိမ်တစ်အိမ်ကို လုယက်ဖျက်ဆီး၏။ လမ်းခရီး၌ တည်၍ လုယက်ဖျက်ဆီး၏။
သူများမယားကို ကျူးလွန်၏။ ရွာကိုလုယက်ဖျက်ဆီး၏။ နိဂုံးကိုလုယက်ဖျက်ဆီး၏။
မိခင်ကိုသတ်၏။ ဖခင်ကိုသတ်၏။ ရဟန္တာကိုသတ်၏။ ပြစ်မှားလိုသောစိတ်ဖြင့် ဘုရားရှင်အား
သွေးစိမ်းတည်စေ၏။ သံဃာကို သင်းခွဲ၏။” လို့ ဆိုလိုတယ်။ တစ်ခါ ဒေါသနဲ့
ကျပြန်တော့လည်း ဒေါသကို အားကြီးသောမှီရာပြု၍ သူ့အသက်ကို သတ်၏… စသဖြင့် ဆိုပေါ့ဗျာ။
ကိုထူး။
။ တင်ပါ့ဘုရား။ မာန၊ ဒေါသ တို့ကို မပယ်နိုင်သရွေ့ သူတို့ကို အကြောင်းပြုပြီး
ကျူးလွန်နိုင်တဲ့အပြစ်တွေက များလိုက်တာ ဘုရား။ အမိသတ်၊ အဖသတ်၊ ရဟန္တာကိုသတ်၊
ဘုရားကို သွေးစိမ်းတည်အောင်ပြု၊ သံဃာကို သင်းခွဲဆိုတဲ့ အာနန္တရိယ ကံကြီးတွေကိုထိ
သူသူကိုယ်ကိုယ် ကျူးလွန်နိုင်ကြတာပါကလား ဘုရား။
အရှင်။
။ မာန နဲ့ ဒေါသလောက်ကို အကြောင်းပြု၍တင် အဲဒီလို အပြစ်တွေကို ကျူးလွန်နိုင်တာ
မဟုတ်သေးဘူး။ “ရာဂ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ပတ္ထနာ” ဤတရားခြောက်ပါးကို
အကြောင်းပြုပြီးတော့ အဲသလို အပြစ်တွေကို ကျူးလွန်နိုင်ကြကြောင်း ပဋ္ဌာန်းပါဠိတော်
မှာ ဟောတော်မူထားတယ်။ အဲဒီမှာ ပတ္ထနာ ဆိုတာက ရှေးဆုတောင်းကို ဆိုလိုတယ်။
တစ်ချို့တွေများဆို “နောက်ဘဝမှာတော့ဖြင့်၊ ဘယ်သူ့ကို ဘယ်လို လုပ်ရပါလို၏” ရယ်လို့
ဆုတောင်းမှားလာခဲ့လေတော့ အဲဒီဆုတောင်းကြောင့်ပဲ အဲဒီကံမျိုးတွေကို
ကျူးလွန်ပြစ်မှား မိတတ်ကြသတဲ့။ ဆဒ္ဒန်ဆင်မင်းကို ပြစ်မှားတဲ့
စူဠသုဘဒ္ဒါတို့လိုသူမျိုးတွေပေါ့ဗျာ။
ကိုထူး။
။ ကြောက်စရာတွေပါဘုရား။ ဒီတရားဆိုးတွေကို မပယ်နိုင်သမျှ မကျူးလွန်မပြစ်မှားမိနိုင်ပါဘူးရယ်လို့
အာမခံနိုင်ဖို့ကတော့ ခပ်ခက်ခက်ပါပဲဘုရား။ သောရေယျသူဌေးသား အကြောင်းကို
ပြန်ဆက်ပါဦးဘုရား။
အရှင်။
။ အေးဗျ၊ သောရေယျသူဌေးသားမှာကျတော့ ရာဂံ ဥပနိဿာယ.. လို့ ပြောရပေမှာပဲ။ သူက
ဒေါသတို့၊ မာနတို့ကြောင့် ပြစ်မှားတာမဟုတ်ပေဘူး။ ရာဂကြောင့် ပြစ်မှားတာ။ ခု
အပေါ်မှာ ထုတ်ပြခဲ့တဲ့ ပြစ်ချက်တွေက ကာယကံ၊ ဝစီကံမြောက် ကျူးလွန်ပြစ်မှားတာတွေကို
ဟောပြတော်မူထားတာတွေဖြစ်တယ်။ သောရေယျကြီးကတော့ အဲဒီအဆင့်တွေကို မရောက်ခဲ့ပေမယ့်
မနောကံမြောက် ပြစ်မှားကျူးလွန်ခဲ့တယ်လို့ ယူရမယ်။ ဆိုတော့ “ရာဂ/ ဒေါသ/ မောဟ/ မာန/
ဒိဋ္ဌိ/ ပတ္ထနာ = ကံသုံးပါးဖြင့် ကျူးလွန် ပြစ်မှားခြင်း” လို့ ပြည့်ပြည့်စုံစုံ
မက်သတ် (method) ထုတ်လို့ ရပြီပေါ့။
ကိုထူး။
။ တင်ပါ့ဘုရား။ သဘောပေါက်ပါပြီဘုရား။ အဇာတသတ်မင်းသား သူ့ဖခင်ကို ပြစ်မှားတာကျတော့
မောဟကြောင့်လို့ ယူရမှာပေါ့ဘုရား။
အရှင်။
။ ဟုတ်တယ်၊ အဲသလိုယူရမယ်။ သတ္တဝါ လူချွတ်မှ ကျွတ်တယ် ဆိုပြီး တိရစ္ဆာန်လေးတွေကို
သတ်တာမျိုး၊ ဒီဘဝ ဒီကိုယ်စံ နောက်ဘဝနောက်ကိုယ်ခံ လိမ့်မယ်ဆိုပြီး
သူများသားမယားလည်း မရှောင် ပြစ်မှားကျူးလွန်တာမျိုးကျတော့ ဒိဋ္ဌိကြောင့်လို့ ယူရမယ်။
ကိုင်း ကိုင်း၊ ကိုထူးက သောရေယျကြီး ကာယကံ၊ ဝစီကံမြောက်
ပြစ်မှားတာမျိုးတောင်မဟုတ်ပဲ မနောကံဖြင့် ပြစ်မှားမိရုံနဲ့ ယောက်ျားစစ်စစ်ကနေ
မိန်းမ ဖြစ်သွားရပုံကို ဘယ်လိုနားလည်သလဲ ပြောပြပါဦး။
ကိုထူး။
။ အပြစ်မှားခံ အရှင်ကစ္စည်း မထေရ်မြတ်က ပြဒါးညီညီညာညာသုတ်ထားပြီး
ကိလေသာဖုန်အညစ်အကြေး လုံးဝကင်းစင် ပြောင်လဲ့နေတဲ့ မှန်နဲ့တူပါတယ်။ ပြစ်မှားတဲ့
သောရေယျသူဌေးသားက ရာဂရွှံ့နွံတွေ ပေကျံပြီး မှန်သွားကြည့်သူနဲ့ တူပါတယ်။ လူတစ်ရာ တစ်ထောင်မှာ
တစ်ယောက်သော်မှ ကြံစည်ဖို့ ခဲယဉ်းတဲ့ အဲသလို အကြံဆိုးကြီးကို တားမြစ် ချိုးနှိမ်ရကောင်းမှန်း
မသိပဲ ပြစ်မှားလိုက်တဲ့အတွက် မကောင်းကျိုးပေးဖို့ အခွင့်သာသွားသလို ဖြစ်သွားတာက
ပယောဂဝိပတ္တိ လို့ဆိုနိုင်ပါတယ်။ အဲဒါကြောင့် ယောက်ျားစစ်စစ်ကနေ မိန်းမဘဝကို
ပြောင်းသွားရတာက မှန်မှာ ပုံရိပ်ဆိုးကြီး လာထင်တာနဲ့ တူပါတယ်ဘုရား။
အရှင်။
။ ဟန်ကျပြီ။ သူက မနောကံနဲ့ပဲ ပြစ်မှားတာနော်။ အဲဒါကြောင့်မို့ ခံသာသွားတယ် ပြောရ မယ်။
ဥပ္ပလဝဏ် ရဟန္တာထေရီမကို ကာယကံမြောက် သားမယားအဖြစ်စော်ကားတဲ့ မုဒိန်းကောင်
မောင်နန္ဒကတော့ တစ်ခါတည်း မြေမျိုပြီး အဝီစိကို ကျတဲ့အထိ အကျိုးပေးခဲ့တယ်လို့
ဆိုတယ်။
ကိုထူး။
။ တင်ပါ့ဘုရား။ ပြစ်မှားရခြင်း အကြောင်းခြောက်ပါးကိုတော့ သိရပါပြီ။
တောင်းပန်ခြင်းအကြောင်းကို မိန့်ပါဦးဘုရား။
အရှင်။
။ တောင်းပန်ခြင်းအကြောင်းကတော့ "ဂါရဝ"နဲ့ "နိဝါတ"ပါပဲ။
မိန်းမဘဝကိုရောက်နေတဲ့ သောရေယျကြီးက ငါမှားသွားလို့ ဒီလိုဖြစ်ရတာလို့
ကိုယ့်အပြစ်ကိုယ်ကိုယ် မြင်အောင်ကြည့် လိုက်တော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတဲ့
"နိဝါတ"၊ အပြစ်မှားခံ အရှင်ကစ္စည်း မထေရ်မြတ်ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊
ပညာဂုဏ်တွေကို မြင်အောင်ကြည့်လိုက်တဲ့အခါကျတော့ အရှင်မြတ်အပေါ် လေးစားတဲ့
"ဂါရဝ" တရားတွေ ဖြစ်ပွါးလာရတယ်။ အဲဒီမှာတင် ကံသုံးပါးဖြင့်
တောင်းပန်ဝန်ချကန်တော့ခြင်း ဆိုတာ ဖြစ်လာရတော့တာပါပဲ။ မက်သတ်ထုတ်ကြည့်ရင်..
“ကိုယ့်အပြစ်ကိုယ်ကိုကြည့်၍ မိမိကိုယ်ကိုယ် နှိမ့်ချခြင်း နိဝါတ + တစ်ဖက်သား၏
ဂုဏ်ကျေးဇူးကိုကြည့်၍ တစ်ဖက်သားအပေါ် လေးစားလာခြင်း ဂါရဝ= ကံသုံးပါးဖြင့်
ကန်တော့ဝန်ချတောင်းပန်ခြင်း” လို့ ထွက်လာလိမ့်မယ်။ ချုံးလိုက်ရင်.. “နိဝါတ +
ဂါရဝ = တောင်းပန်ခြင်း” လို့ မက်သတ် (Method) ထွက်လာလိမ့်မယ်။
ကိုထူး။
။ ကျေးဇူးကြီးလှပါတယ်ဘုရား။ အကုန်ရှင်းရှင်းလင်းလင်း နားလည်ပါပြီဘုရား။
အရှင်။
။ စကားပြောတာလည်း အတော်ကြာသွားကြပြီ။ နားကြဦးစို့ ကိုထူးရဲ့။ တောင်းပန်ခြင်း
အကျိုးနဲ့ ဘာကြောင့်တောင်းပန်ဖို့ လိုသလဲ၊ ယောဂီတွေ တရားအားထုတ်ခါနီးမှာ
အပြစ်ကြီးငယ်တွေကို ဘာကြောင့် တောင်းပန်ကြရသလဲဆိုတာ နောက်နေ့ ဆက်ဆွေးနွေးကြတာပေါ့။
ချမ်းသာပါစေ ကိုထူးရေ။
ကိုထူး။
။ တင်ပါ့ဘုရား။ အရှင်ဘုရားလည်း ကျန်းမာ ချမ်းသာပါစေ ဘုရား။
မေတ္တာဖြင့်
အရှင်ဝိသာရဒ
(ရမ္မာဝတီ)
0 comments: