Monday, March 5, 2018

ပေးစာဖြင့် လိမ်ညာခြင်း



ကုန်းဘောင်ဆက် နောက်ဆုံးမင်း လက်ထက်တွင် မြန်မာ့ထီးနန်း အရေးကို နှောက်မွှေ ခဲ့သော ၀န်ကြီးတစ်ဦး ရှိသည်။ သူကား ကင်းဝန်မင်းကြီး ဦးကောင်း ဖြစ်သည်။ ဦးကောင်းသည် မင်းတုန်းမင်း၏ ထီးနန်းအရိုက်အရာကို သီပေါမင်းသားလေး ရရှိအောင် အကြိတ်အနယ် ကြိုးစား ပေးခဲ့သည်။ သီပေါမင်းသားကား ထီးနန်းအလယ်တွင် မျက်နှာငယ်သော အမြိတ်အစွန်သားတော် ဖြစ်သည်။ အားငယ်သော သားတော်ကို ထီးနန်းတင်လိုက်ခြင်းဖြင့် မိမိကြိုးဆွဲရာ ရနိုင်မည်ဟု ထင်မြင်မိသည်။ နောက်ပိုင်းတွင် မိမိထင်မြင်ချက်အတိုင်း ဖြစ်မလာခဲ့ချေ။
ထိုအခါ ဦးကောင်းသည် မင်းပြောင်းမင်းလွဲ ဖြစ်လိုစိတ် ရှိလာပြန်သည်။ ထိုအချိန်တွင်
အင်အားရှိသော မင်းသားကြီးများမှာ သီပေါကို နန်းတင်ပြီးစက အသတ်ခံကြရသဖြင့် နန်းတွင်း၌ ရွေးချယ်စရာ မရှိတော့ချေ။
ထိုအချိန်တွင် ညောင်ရမ်းမင်းသားနှင့် ညောင်အုပ်မင်းသားတို့သည် အိန္ဒိယနိုင်ငံ၌
ရှိနေကြသေး၏။ သူတို့သည် သီပေါင်းမင်းကို နန်းတင်စဉ်က အဖမ်းမခံဘဲ အင်္ဂလိပ်ပိုင် နယ်မြေ သို့ ထွက်ပြေး သွားခဲ့ကြသည်။
ဦးကောင်းသည် အိန္ဒိယရှိ ညောင်ရမ်းမင်းသား အထံသို့ လှိျု့ဝှက် ဆက်သွယ်သည်။ ပစ္စည်းဥစ္စာတို့ကို ပေးပို့သည်။ စာကို စာတိုက်မှ တစ်ဆင့် ပေးပို့သည်။ ဦးကောင်းက ပေးပို့သော စာထဲတွင်-
 '' ပစ္စည်းများကို ထုခွဲ စရိတ်ပြု၍ အထက်မြန်မာနိုင်ငံကို ကြံပါ၊
အလွယ်ဖြင့် ရပါစေမည်။ ''- ဟု ပါရှိလေသည်။
ဤစာသည် ညောင်ရမ်းမင်းသားထံသို့ မရောက်ဘဲ အင်္ဂလိပ်အစိုးရ လက်ထဲသို့ ရောက်ရှိ သွားသည်။ ထိုအခါ အင်္ဂလိပ်တို့သည် ညောင်ရမ်းမင်းသားက ရေသည့်ဟန်ဖြင့်-
'' သင့်တော်သော အချိန်တွင် အထက်မြန်မာနိုင်ငံကို ကြံပါမည်။ ''- ဟု ကင်းဝန်မင်းကြီးထံ အကြောင်းပြန်စာ ရေးပို့ခဲ့သည်။
အင်္ဂလိပ်တို့သည် ကင်းဝန်ထံသို့ ပေးစာဖြင့် လိမ်ညာခဲ့လေပြီ။ ကင်းဝန်ကား တကယ်ပင် ညောင်ရမ်းမင်းသား၏ ပြန်စာဟု အထင်ရှိလေသည်။
ဤသို့ဖြင့် အင်္ဂလိပ်တို့သည် အထက်မြန်မာနိုင်ငံကို စစ်ပြုရန် သင်္ဘောများဖြင့် ချီတက် လာတော့သည်။ စစ်ချီလာချိန်တွင် စကားပြန် ဦးဘသန်းဆိုသူကို မင်းသားအသွင် ၀တ်ဆင်စေပြီး သင်္ဘောဦးတွင် ညောင်ရမ်းမင်းသားဟန်ဖြင့် လိုက်ပါစေခဲ့သည်။
( ထိုအချိန်တွင် ညောင်ရမ်းမင်သားကြီး မရှိတော့ပြီ။ မင်းသားသည် ၁၂၄၇-ခု၊ နယုန်လကပင်ကာလကတ္တားမြို့၌ အနိစ္စရောက်ခဲ့သည်။ ဤသတင်းကို ကင်းဝန်မင်းလည်း မသိရှိ ခဲ့ပေ။ )
အင်္ဂလိပ်တို့ ဆန်တက်လာသောအခါ ကင်းဝန်၏ စိတ်တွင် အင်္ဂလိပ်တို့ အကူအညီဖြင့် ညောင်ရမ်းမင်းသားကြီး ချီလာပြီဟု ယုံကြည်သည်။ ထို့ကြောင့်ပင် မြင်းခြံအထက် မြစ်စဉ်လမ်းရှိ အင်းဝ၊ စစ်ကိုင်း၊ သပြေတန်းခံတပ်တို့မှ မြန်မာစစ်သည်တို့ကို အင်္ဂလိပ်တို့အား ခုခံခြင်း မပြုရန် အမိန့်ထုတ်ဆင့်လိုက်လေသည်။
ဤသို့ဖြင့် အင်္ဂလိပ်တို့သည် နိုင်ငံတော် လိမ်လည်မှုကြီးကို ဖန်တီးကာ သက္ကရာဇ် ၁၂၄၇-ခု၊ တန်ဆောင်မုန်းလတွင် မြန်မာဘုရင် သီပေါမင်းကို အိန္ဒိယနိုင်ငံသို့ ဖမ်းဆီး ခေါ်ဆောင်သွားလေတော့သည်။
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။

Previous Post
Next Post

About Author

0 comments: