Monday, March 5, 2018

အမုန်းပွားသည့် မိဖုရားရှင်ဘို့မယ်



မိဖုရား ရှင်ဘို့မယ်သည် အင်းဝခေတ် ရာဇ၀င်တွင် ထင်ရှားသူ ဖြစ်သည်။ အမုန်းပွားရာ၌ လည်းကောင်း၊ အတ္တကြီးရာ၊ မာနကြီးရာ၌လည်းကောင်း နှစ်ဦး မရှိပေ။ သူမသည် အင်းဝမင်း နှစ်ပါးကို အမုန်းဓာတ်ဖြင့် သတ်ဖြတ်ခဲ့သူတည်း။
သက္ကရာဇ် ၇၈၃-ခုနှစ်တွင် သီဟသူသည် မိဖုရားခေါင်ကြီး စောမင်းလှနှင့် အင်းဝ ထီးနန်းကို စိုးစံသည်။ နန်းတက်ပြီးနောက် ခမည်းတော် မင်းခေါင်လက်ထက်က မိဖုရား
ရှင်ဘို့မယ်ကိုလည်း ထပ်မံ၍ မိဖုရားမြှောက်သည်။
သီဟသူမင်းသည် နန်းတွင်းအခြေအနေအရ စောမင်းလှကို မိဖုရားခေါင်ကြီး တင်မြှောက် ခဲ့ရသော်လည်း ရှင်ဘို့မယ်လောက် အချစ်မပိုခဲ့ပေ။ ထိုအချိန်က ရှင်ဘို့မယ်သည် မိမိကို အချစ်ပိုသော သီဟသူအား ကြည်ဖြူမြတ်နိုးနိုင်ခဲ့သည်။ မိဖုရားခေါင်ကြီး စောမင်းလှသည် သီဟသူမင်းက ရှင်ဘို့မယ်ကို အချစ်ပိုကာ ရှင်ဘို့မယ်နှင့်သာ ပျော်ပါးနေသဖြင့် စိတ်နာကာ နန်းတွင်းမှာ မနေဘဲ ရွှေစေတီ အနောက်ဘက်၌ တန်ဆောင်းကြီး ဆောက်၍ နေလေသည်။
ထိုစဉ် သီဟသူမင်းသည် စစ်ရေးကိစ္စအတွက် အောက်ပြည်သို့ စုန်ဆင်းခဲ့သည်။ အောက်ပြည်ရောက်လျှင် ရာဇာဓိရာဇ်၏ သမီးတော် ရှင်စောပုကို ဆက်သခြင်း ခံရသည်။ သီဟသူသည် မိဖုရားရှင်စောပုကို ခေါ်ဆောင်၍ အင်းဝသို့ ပြန်လာခဲ့သည်။ နေပြည်တော်သို့ ရောက်လျှင် ရှင်စောပုကို ဘွဲ့ထူးများ ပေးအပ်ပြီး အဆောင်အယောင် များစွာဖြင့် ချီးမြှောက် ထားသည်။ သီဟသူမင်းသည် ရှင်စောပုနှင့်သာ အချိန်ရှိသရွေ့ ကြည်နူးနေတော့သည်။
ဤဖြစ်ရပ်ကို မကျေနပ်သူကား မိဖုရားရှင်ဘို့မယ်တည်း။ ရှင်ဘို့မယ်သည် မိဖုရား အသစ်ကလေး ရှင်စောပုနှင့် အပျော်ဆိုက်နေရမည်လားဟု မကျေမနပ်ဖြစ်ကာ သီဟသူမင်းကို သတ်ပစ်ရန် အကြံယူတော့သည်။
ရှင်ဘို့မယ်သည် အုန်းဘောင်လယ်သန်ဘွား အထံသို့ စေလွှတ်၍ '' သီဟသူသည် အောင်ပင်လယ် အရပ်၌ ပျော်ပါးနေပါသည်။ အလစ်ကို ကြည့်၍ လုပ်ကြံပါ။ သီဟသူ မရှိလျှင် အင်းဝထီးနန်းကို တက်၍ မင်းပြုစေရပါမည်၊ '' ဟု အမှာပါးလိုက်၏။
ဤစကားအရ လယ်သန်ဘွားလည်း အလုံးအရင်းနှင့် ချီလာပြီးနောက် ညအချိန်တွင် တောထဲ၌ ပုန်းနေပြီး အလစ်တွင် ၀င်ရောက် တိုက်ခိုက်သည်။ သီဟသူသည် ဆင်စီး၍ တိုက် သော်လည်း ဆင်သည် ညွန်နစ်သွား၏။ သီဟသူမင်းမှာလည်း မြားသုံးချက် သင့်ကာ အနိစ္စရောက်ရလေသည်။
သီဟသူ ဆုံးသည့်နောက် အင်းဝတပ်တို့သည် လယ်သန်ဘွားကို တိုက်ထုတ်နိုင်သဖြင့်
ရှင်ဘို့မယ် အလိုကျ ဖြစ်မလာခဲ့ပေ။
မှူးမတ်တို့သည် အင်းဝထီးနန်းကို သီဟသူ၏သားတော် မင်းလှငယ်အား အပ်နှင်းကြ၏။



ဤကိစ္စကို ရှင်ဘို့မယ်က လုံးဝ မကျေနပ်ပေ။ ထို့ကြောင့် မိမိနှင့် တစ်ချိန်က ချစ်ကြိုက်ခဲ့ဖူးသူ ကလေးကျေးတောင်ညို အထံသို့ စစ်ချီလာပါရန် စေခိုင်းလိုက်၏။ ရောက်လျှင် ဘုရင်ကလေး မင်းလှငယ်ကို ရှင်ဘို့မယ်က အဆိပ်ခပ်၍ သတ်ပစ်လိုက်သည်။ ပြီးနောက် ကလေးကျေးတောင်ညို မင်းသားကို နန်းတင်လေသည်။ မိဖုရားကား ရှင်ဘို့မယ်ပင်တည်း။
မြန်မာရာဇ၀င်တွင် ဘုရင်နှစ်ပါးကို အမုန်းဖက်၍ အဖျက်စိတ်ဖြင့် သတ်ဖြတ်နိုင်သူမှာ မိဖုရားရှင်ဘို့မယ် တစ်ဦးသာ ရှိပေသည်။ ရှင်ဘို့မယ်၏ ဗျာပါဒအဖျက်စိတ်သည် ရာဇ၀င် စာမျက်နှာများတွင် အမည်းစက် စွန်းထင်ရစ်လေသည်။
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။

Previous Post
Next Post

About Author

0 comments: