Monday, March 5, 2018

သေရည်သောက်၍ အသက်ပျောက်သူများ



မင်းရဲကျော်စွာသည် မြန်မာရာဇ၀င်တွင် ထင်ရှားသော စစ်သူရဲကောင်းတစ်ဦး ဖြစ်သည်။ ဘုရင့်မင်းခေါင်၏ သားတော် အိမ်ရှေ့ဥပရာဇာလည်း ဖြစ်ပေသည်။
မင်းရဲကျော်စွာသည် စစ်ရေးပညာ ကျွမ်းကျင်လှသော်လည်း သေအရက်ကိုမူ မပြတ် သောက်သုံးတတ်သည်။ သူသာ အရက်ကြိုက်သူ မဟုတ်။ သူ၏ ဆင်တော် ငချစ်ခိုင်ကိုလည်း တစ်နေ့လျှင် အရက်နှစ်အင် တိုက်လေ့ရှိသည်။ ဆင်ကြီးလည်း အရက်စွဲနေသည်ဟု ဆိုရမည်။
၇၇ဂ-ခုနှစ်တွင် မင်းရဲကျော်စွာသည် ရာဇာဓိရာဇ်ကို တိုက်ခိုက်ရန် စစ်သည်ဗိုလ်ပါ တို့နှင့်အတူ အောက်ပြည်သို့ စုန်ဆင်းခဲ့သည်။ ရာဇာဓိရာဇ်သည်လည်း မင်းရဲကျော်စွာ တပ်ကို ၀န်းရံလာသည်။ ဤကိစ္စကို မင်းရဲကျော်စွာ သိသဖြင့် ချက်ချင်းတိုက်ခိုက်ရန် ပြင်ဆင်တော့သည်။ မှူးမတ်တို့က '' အရှင့်သား ထွက်တော် မမူပါနှင့်ဦး၊ လူသူဆင်မြင်း မစုရုံးမိသေးပါ၊ '' ဟု လျှောက်တင်ကြသည်။
မင်းရဲကျော်စွာသည် မှူးမတ်တို့၏ စကားကို နားမထောင်တော့ပေ။ ထိုနေ့တွင် ခါတိုင်းထက် အရက်ကို ပို၍ သောက်သည်။ ဆင်တော်ကိုလည်း ခါတိုင်းထက် ပို၍ အရက် သုံးအင် တိုက်သည်။   ပြီးနောက် ဇွတ်ထွက်၍ တိုက်တော့သည်။ ဤစစ်ပွဲတွင် ဆင်ပေါ်က လိမ့်ကျပြီးနောက် ရာဇာဓိရာဇ်၏ လက်ချက်ဖြင့် အသက်သေခဲ့ရလေသည်။ မင်းရဲကျော်စွာသည် ဤစစ်ပွဲတွင် အမူးလွန်သဖြင့် မှူးမတ်တို့ စကားကို နားမ၀င် မဆင်ခြင်နိုင်ဘဲ တိုက်ခိုက်သဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်ပေသည်။
ဘေးမမြင်သည့် တပင်ရွှေထီး
တပင်ရွှေထီးသည် ပေါ်တူဂီလူမျိုး ဘုရင်ဂျီကုလား တစ်ယောက်ကို သူကောင်းပြု ထား၏။ ထိုကုလားက အရက်ကို ချက်၍ ဆက်သရာမှ အရက်စွဲဝေဒနာ ဖြစ်လာခဲ့သည်။ နေ့စဉ် အရက်မသောက်ရလျှင် မနေနိုင်တော့ပေ။
၉၉၁-ခုနှစ်တွင် သမိန်ထောရာမ ဆိုသူက သံလျင်ကို အခြေပြု၍ ပုန်ကန်မှု ဖြစ်ပွား သည်။ ထိုပုန်ကန်မှုကို ဖြိုဖျက်ရန် ဘုရင့်နောင်သည် ချီတက်၍ ဒလတွင် စခန်းချ နေရသည်။ ဘုရင့်နောင် မရှိချိန်တွင် တပင်ရွှေထီးသည် ယာယီရှိသည်ဆို၍ ကသာတပ်သို့ ပြောင်း၍ စံနေသည်။ ထိုအခါ စစ်တောင်းစား သမိန်စောထွတ်သည် ထီးနန်းကို လုယူရန်အတွက်
မိမိညီတော်သူ လက်ဝဲဓားမှူးအား လုပ်ကြံခိုင်း၏။
၉၉၂-ခု၊ ကဆုန်လပြည့်ကျော် ၁-ရက်နေ့ ညတွင် တပင်ရွှေထီးသည် အရက်မူးပြီး သလွန်ထက်၌ အိပ်ပျော်နေစဉ် လက်ဝဲဓားမှူးက ဦးခေါင်းကို ဓားဖြင့် ခုတ်၍ လုပ်ကြံလေသည်။ တပင်ရွှေထီးသည် အရက်မူးလွန်သဖြင့် ဆင်ခြင်မှု မရှိဘဲ နေရာမှ လုပ်ကြံခံရခြင်း ဖြစ်လေသည်။

အရက်မူးသည့် စဥ့်ကူးဘုရင်
သက္ကရာဇ် ၁၁၃၈-ခုနှစ်တွင် စဥ့်ကူးမင်း နန်းတက်သည်။ ထိုမင်းသည်လည်း သေရည် ကြိုက်သော မင်းဖြစ်သည်။ မင်းသည် ငယ်ရွယ်သူ ဖြစ်၍ ငယ်သော မှူးမတ်တို့နှင့်သာ သောက်စားမူးယစ်၍ အချိန်ကုန် နေတတ်သည်။
တစ်ခါတစ်ရံ နန်းမြို့ အပြင်ဘက်သို့ ထွက်၍ သောက်စားနေတတ်သည်။ ထိုအခါမျိုးတွင်
ညဥ့်အချိန်မတော်မှလည်း ပြန်ရောက်လာတတ်သည်။ ဤဖြစ်စဉ်ကြောင့်ပင် စဉ်ကူးမင်းအတွက် ထီးနန်းလည်း ဆုံးရှုံးရသည်။ အသက်လည်း သေဆုံးရသည်။
၁၁၄၃-ခုနှစ်တွင် စဥ့်ကူးမင်းသည် အညာသီဟတောသို့ ဘုရားဖူးသွားစဉ် ဖောင်းကားစား မောင်မောင်သည် နောက်ပါလူစုနှင့် ညအချိန်တွင် ရောက်လာ၏။ စဥ့်ကူးမင်း လှေလျင်နှင့် ရောက်လာလေဟန် ပြော၍ မြို့တံခါးကို ဖွင့်ခိုင်းသည်။ တံခါးမှူးတို့ကလည်း ခါတိုင်း ဘုရင်မင်းမြတ် ရောက်လာတတ်သဖြင့် တံခါးကို ဖွင့်ပေးကြ၏။ မောင်မောင်နှင့် အဖွဲ့သည် ထီးနန်းကို သိမ်းပိုက်၍ လုယူလိုက်တော့သည်။
 ဖောင်းကားစား မောင်မောင်သည် ထီးနန်းကို သိမ်းပိုက်၍ ၇-ရက်မျှ ရှိသောအခါ ဗဒုံမင်းသားက ထပ်မံ၍ လုပြန်သည်။ ဗဒုံမင်းသည် ထီးနန်းကို လုယူသိမ်းပိုက်ပြီးနောက် ဖောင်းကားစားနှင့် စဥ့်ကူးမင်းတို့ကို ကွပ်မျက်သုတ်သင်လေသည်။ စဥ့်ကူးမင်းသည်လည်း အရက်ကို အကြောင်းခံ၍ ကံကုန်ခဲ့ရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် မကောင်းမှု အမှန်၊ မကောင်းကျိုးကို ဧကန်ဖြစ်စေသော မူးယစ်ကံ
စရိုက်ဆိုးတရားကို ရှောင်ရှားကြကုန်ရာ၏။    
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။

Previous Post
Next Post

About Author

0 comments: