Monday, March 5, 2018

လင်မယားစနစ် ခေတ်သစ်ကျင့်စဉ်



လူသားတို့သည် လင်မယားစနစ်ကို ဖော်ဆောင်ပြီးသည့်နောက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုများ ဖြစ်ပေါ်လာခဲ့သည်။ လင်မယားနှစ်ဦးတို့သည် အချင်းချုင်း ချစ်ခင်လာကြသည်။ တွယ်တာ တပ်မက်လာကြသည်။ သံယောဇဉ် ကြီးမားလာကြသည်။ ဤစိတ်ဓာတ်များ ကြီးမားလာသည့် အလျောက် တစ်ဦးကို တစ်ဦး ဖောက်ပြား ပြောင်လဲသွားမည်ကို စိုးရိမ်ကြ၏။ မယားက လင် ဖောက်ပြန်မှာကို စိုးရိမ်၏။ လင်ကလည်း မယားဖောက်ပြန်မှာကို စိုးရိမ်၏။ ဤသို့ တစ်ဦးနှင့် တစ်ဦး သစ္စာရှိစေလိုသော စိတ်ဓာတ်ကြောင့်ပင် မေထုန် မဖောက်ပြားမှု ကျင့်ဝတ်ကို ပြဋ္ဌာန်း ပေးရခြင်း ဖြစ်ပေသည်။
ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှု ကျင့်စဉ်တွင် '' လင်ရှိ မယား၊ မယားရှိ လင်ကို မေထုန် မကျူးလွန်ရန်၊ '' ဟူသော ကျင့်ဝတ်ကို ပြဋ္ဌာန်းပေးထားသည်။ ဤကျင့်ဝတ်မှာ လင်မယားစနစ် မပြိုကွဲရေးကို ကျားကန်ပေးထားသော လူသားကျင့်ဝတ်ပင် ဖြစ်ပေသည်။
နောက်ပိုင်းတွင် လင်မယားစနစ်သည် ကမ္ဘာသားအားလုံး လက်ခံသောစနစ် ဖြစ်လာ၏။ လင်းမယားစနစ်ဖြင့် မိသားစုဘ၀ကို ထူထောင်လာကြသည်။ သားမျိုးဆက်သစ်တို့ကို မွေးထုတ် လာကြသည်။ မေထုန်ပိုင် လင်မယားစနစ်သည် ကမ္ဘာပေါ်၌ ရိုးရာ လူနေမှုတစ်ရပ် ဖြစ်နေ လေသည်။


ပလာတို၏ မေထုန်ဘုံစနစ်

မေထုန်ပိုင်စနစ်ဖြင့် တည်ထောင်လာခဲ့သော မိသားစုဘ၀ကို ချေဖျက်ပစ်လိုသူတို့လည်း
ပေါ်ပေါက်လာခဲ့သည်။ ထိုအထဲတွင် ပလာတို ( ဏူအေသ ) သည် ရှေ့တန်းက ပါဝင်ပေသည်။


ပလာတိုသည် ဘီစီ ၄၂၇-၃၄၇ အကြား ပေါ်ပေါက်ခဲ့သူ ဖြစ်သည်။
ပလာတိုသည် သူဖြစ်ချင်သော နိုင်ငံတစ်ခုကို မျှော်မှန်း၍ ' သမ္မတနိုင်ငံကျမ်း ' ကို ရေးသားခဲ့သည်။ သူ၏ နိုင်ငံတွင် ပုဂ္ဂလိကပိုင်ပစ္စည်း မရှိ။ ပုဂ္ဂလိက အိမ်ထောင်ရေးလည်း မရှိပေ။ ယောကျာ်းတိုင်းသည် မိန်းမတိုင်းနှင့်လည်းကောင်း၊ မိန်းမတိုင်းသည် ယောကျာ်းတိုင်းနှင့် လည်းကောင်း ပိုင်ဆိုင် ခံစားခွင့် ရှိရမည်ဟု ဆိုသည်။ မွေးလာသော ကလေးကို နိုင်ငံတော်က ထိန်းသိမ်း ပျိုးထောင်ပေးရမည် စသည်ဖြင့် စိတ်ကူးယဉ် နိုင်ငံတော်ကို တည်ထောင်ပြခဲ့သည်။ ပလာတိုသည် သူ၏ သဘောတရားများကို ကျောင်းဖွင့်၍ သင်ကြား ပြသပေးခဲ့သည်။ လင်မယားစနစ်သည် ကမ္ဘာတွင် လိုအပ်သဖြင့် ပေါ်ပေါက်လာခဲ့ရသည်။ ပလာတိုကမူ ခေတ်နောက်ပြန်ကာ မေထုန်ဘုံစနစ်ကို ပြန်လည် အသက်သွင်းလိုသူ ဖြစ်သည်။ သူ၏ ဘုံစနစ် သည် မအောင်မြင်သကဲ့သို့ သမ္မတနိုင်ငံကျမ်းသည်လည်း အိပ်မက်ခန်းသာ ဖြစ်ခဲ့ရလေသည်။


ဗုဒ္ဓ၏ ကာမမှု စည်းမျဉ်းများ
ဗုဒ္ဓဘုရား လက်ထက်တွင်လည်း ကာမမှု၌ မှားယွင်းစွာ ကျူးလွန်မှုကို တားမြစ်ထား ပါသည်။ ဗုဒ္ဓ၏ ကာမမှု စည်းမျဉ်းများတွင် ခေတ်ဟောင်းက စည်းမျဉ်းများထက် ကျယ်ပြန့် ပေသည်။ အမျိုးသားများသည် လင်ရှိမယားကိုသာ မဟုတ်။ မသွားလာအပ်သော မိန်းမပေါင်း
၂၀-မျှကို ရှောင်ကြဉ်ကြရသည်။
အမျိုးသားများ ရှောင်ကြဉ်ကြရမည့် မိန်းမ ၂၀-တို့ကိုလည်း စာရင်းနှင့်တကွ ဖော်ပြထား သည်။ ထိုစာရင်းမှာ ရှေးခေတ် အိန္ဒိယနိုင်ငံ၏ ဓလေ့ထုံးစံအရ စာရင်းပြုထားခြင်း ဖြစ်ပါသည်။ အခိျု့မိန်းမများမှာ အခြားသော နိုင်ငံဓလေ့နှင့် သက်ဆိုင်ခြင်း မရှိပေ။
သို့သော်လည်း အားလုံးကို ခြုံ၍ လေ့လာလျှင် ယောကျာ်းသည် မိမိ မပိုင်ဆိုင်သေးသော
မိန်းမ၏ မေထုန်ကို မကျူးလွန်ရဟု အဓိပ္ဂာယ် ထွက်ပါသည်။ မှန်ပါသည်။ မေထုန်ပိုင် လင်မယားစနစ်ကို ဖော်ဆောင်ထားရာ၌ လင်မယားအဖြစ် အသိအမှတ် ပြုပြီးမှသာလျှင် ကာမဂုဏ်ခံစားမှုကို ပြုသင့်ကြလေသည်။
ဘုရားရှင် လက်ထက်တွင် ပြည့်တန်ဆာမများလည်း ရှိနေပါသည်။ ပြည့်တန်ဆာများကို ငှားရမ်း၍ စိတ်ဖြေရာတွင် ခေတ္တ အချိန်ပိုင်းမယားအဖြစ် အသိအမှတ် ပြုပါသည်။ ကာမမိစ္ဆာကံ မထိုက်ဟု ဆိုပါသည်။
မည်သို့ရှိစေ။ ပြည့်တန်ဆာမများကိုလည်း ရှောင်ရှားနိုင်လျှင် ကောင်းပါသည်။
ယနေ့ခေတ်တွင် ပို၍ ရှောင်ကြဉ်သင့်ပေသည်။ ၁၉၈၀-ပြည့်လွန် နှစ်များမှ စ၍ ကမ္ဘာတွင် ပြန့်ပွားလာသော အေအိုင်ဒီအက်စ်ရောဂါဆိုးကြီးသည် လိင်ခံစားမှုမှ အများဆုံး ကူးစက်ခံကြ
ရသည်။ အိပ်ခ်ျအိုင်ဗွီပိုးရှိသော ပြည့်တန်ဆာမများနှင့် ခံစားမိသူတို့သည် ရောဂါကူးစက် ခံရပြီး
သေဆုံးကုန်ကြသည် မဟုတ်ပါလော။


မေထုန်မှား ယောကျာ်းအဓိက
မေထုန်မှောက်မှားမှုသည် အများအားဖြင့် ယောကျာ်းများက အဓိကကျပါသည်။ ယောကျာ်းတို့ဘက်က စေ့ဆော်မှု မရှိလျှင် ကံမြောက်ရန် ခဲယဉ်းပေသည်။ မိန်းမတို့ဘက်က အဓမ္မကျူးလွန်မှုမှာ ရှိနိုင်သော်လည်း ရှားပါးလှသည်။ အဓမ္မအမှုဖြင့် ကျူးလွန်ရာ၌ ယောကျာ်း များကသာ ပြုကျင့်နိုင်ကြသည်။ တရုတ်ပြည်မှ ကမ္ဘာကျော် နန်ကင်းမုဒိန်းမှုကြီးသည် အမျိုးသမီး
ရာပေါင်းများစွာတို့ကို ကျူးကျော်ရေး စစ်တပ်ကြီးက အနိုင်ကျင့်ကာ အဓမ္မနည်းဖြင့် လုယူကြသော မေထုန်မှုခင်းကြီးများ ဖြစ်လေသည်။



အမျိုးသမီးများသည် အားနွဲ့သူများ ဖြစ်၏။ အမျိုးသားများက တရားမစောင့်ဘဲ အဓမ္မကျင့် ကြံလျှင် ခံရမည်သာ ဖြစ်သည်။ ထို့ကြောင့် အဓမ္မ မေထုန်မှုကို ဘာသာရေး စည်းမျဉ်းဖြင့် လည်းကောင်း၊ လူမှုရေး ဥပဒေဖြင့် လည်းကောင်း၊ ပိတ်ပင်ထားရခြင်း ဖြစ်ပေသည်။ ဤသို့ ပိတ်ပင်ထားမှသာလျှင် အမျိုးသမီးတို့သည် လူမှုလွတ်လပ်ခွင့်ကို ရရှိနိုင်ကြမည်။ လွတ်လပ်စွာ သွားလာ ရောင်းဝယ်နိုင်ကြမည်။ အမျိုးသမီးတို့၏ လုပ်အားဖြင့် နိုင်ငံ့စည်းပွားလည်း တိုးတက် ကြီးပွားလာနိုင်လေသည်။
ဘုရားရှင် လက်ထက်က ၀ဇ္ဇီတိုင်းသူ အမျိုးသမီးတို့သည် လွတ်လပ်ခွင့်ကို ရရှိနေကြသည်။
ဘုရားရှင်က ရှင်အာနန္ဒာအား မေးမြန်းသည်။
'' ချစ်သား အာနန္ဒာ- ၀ဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး၊ အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ မသိမ်းပိုက်ဘဲ ရှိကြ၏လော၊ ''
'' မသိမ်းပိုက်ကြပါ အရှင်ဘုရား၊ '' ဟု လျှောက်သည်။
'' ဤသို့ နိုင်ထက်စီးနင်း မပြုမူကြလျှင် ၀ဇ္ဇီမင်းတို့သည် ကြီးပွားကြလိမ့်မည်၊ '' ဟု ဘုရားက အမိန့်ရှိလေသည်။

ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။

Previous Post
Next Post

About Author

0 comments: