Monday, March 5, 2018

သေရည်အစ ပထမ



သေရည်သည် မည်သည့်အချိန်က စ၍ ပေါ်ပေါက်ခဲ့သည်ဟု ဗုဒ္ဓစာပေတို့၌ မတွေ့ရပေ။
သို့သော်လည်း သေရည်သမိုင်း အစကိုမူ       ကုမ္ဘဇာတ်၌ တွေ့ရှိရ၏။
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း နန်းစံစဉ် ဟိမ၀န္တာမှ သစ်ပင်ကြီး တစ်ပင်တွင် ခက်မကြီး သုံးခုဆုံရာ၌ အခေါင်းကြီးတစ်ခု ရှိသည်။ မိုးရာသီတွင် ထိုအခါင်းကြီးအတွင်း၌ ရေပြည့်နေ တတ်သည်။ အနီးတွင် ရှိသော သစ်ပင်တို့မှ သစ်သီးများသည် ထိုအခေါင်းထဲသို့ ကြွေကျ တတ်သည်။ ကျေးငှက်တို့ စားသော စပါးနှံအစေ့များလည်း ကျရောက်ပြန်သည်။ ရက်ရှည်သော အခါ အခေါင်းထဲက ရေသည် နေပူရှိန်ကြောင့် ကျက်လာသည်။ ထက်သော သေရည်ဖြစ်လာသည်။ ငှက်များသည် ထိုသေရည်ကို သောက်ကြလျှင် မူးယစ်၍ သစ်ပင်ခြေရင်းသို့ လိမ့်ကျကုန်ကြသည်။
ယင်းအဖြစ်ကို တွေ့ရသော ကာသိတိုင်းသား မုဆိုးသည် ထိုသေရည်ကို အနည်းငယ်
ယူ၍ သောက်ကြည့်သည်။ မူးယစ်သော အရသာကို ခံစားရသည်။ မုဆိုးသည် ထိုသေရည်ကို
ဝရုဏရသေ့ထံ ယူသွားကာ နှစ်ဦးသား သောက်ကြသည်။ သစ်ပင်ရင်းသို့ ကျလာသော ငှက်များကို သတ်၍ အမြည်းလုပ် စားကြသည်။
သူတို့သည် သေရည်ကို ၀ါးကျည်တောက်ဖြင့် ထည့်၍ မြို့စွန်မင်းထံ ဆက်သရာ မင်းသည်လည်း သေရည်ကို အလွန်ကြိုက်သွားသည်။ ထိုမြို့၌ပင် သေရည်ကို ပြုလုပ်၍ သောက်သုံးကြရာ တစ်မြို့လုံး သေရည်သမားတွေ ဖြစ်ကုန်ကြသည်။ ထိုမှတစ်ဆင့် ဗာရာဏသီ စသော မြို့များသို့ ကူးစက်သွားရာ နေရာဒေသအနှံ့ ကျယ်ပြန့် သွားလေသည်။
ခေတ်သစ် သုတေသနပညာရှင်တို့ကမူ သေရည်သမိုင်းအစကို ကျောက်ခေတ်သစ်ကဟု အဆိုပြုထားကြပါသည်။ ဘီစီ ၇၀၀၀-ကာလတွင် လူသားတို့သည် စိုက်ပျိုးရေးကို တွင်ကျယ်စွာ လုပ်ကိုင်လာကြပါသည်။ စိုက်ပျိုးသီးနှံတို့မှာ ဂျုံ၊ စပါး၊ ဗာလီနှင့် ပြောင်းတို့ ဖြစ်၏။ ယင်းတို့ကို စိုက်ပျိုး၍ ရရှိလာသော သီးနှံတို့ကို ကြိတ်ဆုံဖြင့် ကြိတ်ကာ အမှုန့်ပြုလုပ်ကြ၏။ ထိုအမှုန့်ဖြင့် ပေါင်မုန့်ကို ပြုလုပ်ကြသည်။ ပေါင်မုန့်ပြုလုပ်ရန်အတွက် အချဉ်ဖောက်ခြင်း၊ ပေါင်းအိုးတွင် ထည့်၍ ဖုတ်ခြင်းစသော အမှုတို့ကို ပြုလုပ်ရ၏။ ဤသို့ ဂျုံမှုန့်ကို အချဉ်ဖောက်ရာမှ သေရည်ကို ပြုလုပ် တတ်လာခဲ့လေသည်။


ဘီစီ ၃၀၀၀-ပြည်နှစ်သို့ ရောက်သောအခါတွင် ဥရောပတိုက်နှင့် အာရှတိုက်တို့၌ သေရည် အရက်သည် လူမှုရေးလောကအတွက် လိုအပ်သော အဖျော်ယမကာ တစ်ရပ်အဖြစ် ရောက်ရှိလာခဲ့လေသည်။
ဗုဒ္ဓဘုရားလက်ထက် ရောက်သောအခါတွင် သေရည်နှင့် ပတ်သက်သော လုပ်ငန်းများ ကျယ်ပွားနေပြီ။ သုရာခေါ် သေရည်ပြုလုပ်ပုံ ငါးမျိုးရှိသည်။ မေရယခေါ် စိမ်ရည်ပြုလုပ်ပုံလည်း ငါးမျိုးပင် ရှိသည်။ အားလုံးသည် မူးယစ်ရည်များသာ ဖြစ်ပေသည်။
ဤမူးယစ်သေရည်သည် လူမှုရေးလောက၏ အသုံးအဆောင်တစ်ရပ် ဖြစ်နေသော်လည်း လူသား၏ ဘ၀ကို ပျက်စီးစေသော ယမကာတစ်မျိုး ဖြစ်သည်။ ယစ်ရေရည် အစွဲကြောင့် ဘ၀ပျက်ကာ အသက်သေကြရသော လူများကို မျက်စိအောက်တွင် မြင်တွေ့နေကြရသည် မဟုတ်လော။
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။

Previous Post
Next Post

About Author

0 comments: