Monday, March 5, 2018

အဇာတသတ်၏ သတ်မှုကံ



ဗုဒ္ဓစာပေကဏ္ဍတွင် ထင်ရှားသော အဇာတသတ်မင်းသည် ခမည်းတော် ဗိမ္ဗိသာရမင်း ကြီးကို သတ်၍ နန်းရပ်ကို လုယူသိမ်းပိုက်ခဲ့သည်။ ဤမျှ ဆိုးရွားသော ကံကြီးကို ပြုလုပ်မိ သောကြောင့် အဇာတသတ်ဘ၀တွင် စိတ်မချမ်းမြေ့ ဖြစ်ရသည်။ အပြစ်ကြီးကို ပြေပျောက်စေရန် သံဂါယနာတင်ခြင်းစသော ကုသိုလ်တို့ဖြင့် ဖြေဖျောက်သည်။
သို့သော်လည်း အဇာတသတ်၏ သတ်ဖြတ်မှုမျိုးကို သူ၏ သားတော် ဥဒယဘဒ္ဒကလည်း အားကျလာသည်။ ထို့ကြောင့် ခမည်းတော် အဇာတသတ်မင်းကို သတ်၍ ထီးနန်းကို သိမ်းယူ ပြန်သည်။ အဇာတသတ်၏ သတ်မှုကံသည် မျက်မှောက် ဘ၀၌ပင် အကျိုးတူခံစားမှုနှင့် တွေ့ကြုံရလေသည်။ ထို့နောက်လည်း-
-       ဥဒယဘဒ္ဒမင်းကို သားတော် အနုရုဒ္ဓါက သတ်၍ မင်းပြုသည်။
-       အနုရုဒ္ဓါမင်းကိုလည်း သားတော် မုဏ္ဍက သတ်၍ မင်းပြုသည်။
-       မုဏ္ဍမင်းကိုလည်း သားတော် နာဂဒါသက သတ်၍ မင်းပြုသည်။
ဤသြို့ဖင့် ကံတူအကျိုးပေး မင်းဆက် ပေါ်ထွက်ခဲ့ဖူးပေသည်။


နရသူ၏ သတ်မှုကံ
မြန်မာရာဇ၀င်တွင် နရသူမင်းသည်လည်း နာမည်ဆိုးဖြင့် ထင်ရှားသော မင်းတစ်ပါး ဖြစ်သည်။ ခမည်းတော် အလောင်းစည်သူခေါ် မဏိစည်သူမင်းကြီး ကျန်းမာရေး ခိျု့ယွင်းနေစဉ် ရွှေဂူကြီးဘုရားအတွင်း၌ အ၀တ်ဖြင့် ဖိ၍ လုပ်ကြံ သတ်ဖြတ်ခဲ့သည်။
အင်အားရှိသော နောင်တော်ကြီး မင်းရှင်စောကိုလည်း နန်းတင်မည်ဟု လမ်လည်၍ ခေါ်ယူကာ ပုဂံရောက်လျှင် အဆိပ်ခပ်၍ သတ်လိုက်ပြန်သည်။ မင်းအဖြစ်ကို ယူပြီးနောက်၌လည်း ခမည်းတော်ပေးသော ကြဘန်အမည်ရှိ သမီးကို သတ်သည်။ ကြဘန်၏သား ဥတ္တရသူနှင့် ဘထွေးစချီ မဟာဗိုလ်တို့ကိုလည်း သတ်ပြန်သည်။ ရဟန်းတော် တို့ကိုလည်း လူထွက်ခိုင်းသည်။ ပြည်သူအားလုံးက မုန်းတီးနေကြသည်။
နရသူမင်းကို အလုပ်အကျွေး ပြုနေသော ကုလားမင်းသမီးသည် နရသူ၏ အမူအကျင့်ကို သဘောမကျပေ။ နရသူသည် ကျင်ကြီး ကျင်ငယ် စွန့်ရာ၌လည်းကောင်း၊ မေထုန်သံဝါသ ပြုရာ၌ လည်းကောင်း ရေဆေး သုတ်သင်ခြင်း မပြုပေ။ ဤအမူအကျင့်ကို ကုလားမင်းသမီးက ရွံရှာသဖြင့် မချဉ်းကပ်ဘဲ နေလေသည်။
နရသူမင်းသည် မိမိ၏ အားနည်း ချွတ်ယွင်းချက်ကို မကြည့်ဘဲ မိမိထံ မချဉ်းကပ်ရကောင်းလားဟု အမျက်ထွက်ကာ ကုလားမင်သမီးကို သန်လျက်ဖြင့် ခုတ်၍ သတ်ပစ်လိုက်လေသည်။
 ဤသတင်းကို ကြားရသောအခါ ခမည်းတော် ကုလားမင်းကြီးသည် ကုလားရှစ်ယောက် ကို ပုဂံပြည်သို့ စေလွှတ်၍ နရသူမင်းကို လုပ်ကြံ သတ်ဖြတ်စေခဲ့သည်။ ကုလားများ သတ်သဖြင့် နရသူမင်းလည်း သေဆုံးခဲ့ရသည်။ ကုလားသတ်၍ ကျဆုံးသောကြောင့် နရသူမင်းကို ' ကုလားကျ' မင်းဟု ခေါ်တွင်ကြလေသည်။
နရသူသည် လူတွေကို သတ်၍ ထီးနန်းကို ရယူခဲ့သည်။ လူတွေကို သတ်၍ အာဏာတည် မြဲရေးကို ဆောင်ရွက်သည်။ ဤမကောင်းမှုကံသည် တမလွန်အထိ မနေဘဲ မျက်မှောက်ဘ၀၌ပင် ကုလားများ သတ်၍ ဘ၀ဇာတ်သိမ်းခဲ့ရသည်။ ရာဇ၀င်စာမျက်နှာတို့၌လည်း အမည်းစက် ထင်ကာ မလှမပ ဖြစ်ခဲ့ရလေသည်။
ထို့ကြောင့် မကောင်းမှု အမှန်၊ မကောင်းကျိုးကို ဧကန်ဖြစ်စေသော သတ်မှုကံ စရိုက်ဆိုး
တရားကို ရှောင်ရှားကြကုန်ရာ၏။
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။


Previous Post
Next Post

About Author

0 comments: