Monday, March 5, 2018

ပုဏ္ဏားဒေါသ ဗုဒ္ဓလက်မခံ



ဘုရားကိုယ်တိုင်လည်း ဆဲရေးသူ လူမိုက်များနှင့် တိုက်ရိုက် တွေ့ဆုံခဲ့ရဖူးပါသည်။ ထိုအထဲတွင် ဘာရဒွါဇပုဏ္ဏားနှင့် တွေ့ကြုံရာ၌ ဗုဒ္ဓဘုရား၏ ခံယူမှုနှင့် ကျင့်သုံးမှုကို တွေ့ရပါသည်။
ဘာရဒွါဇပုဏ္ဏားသည် ဘုရားကို မကျေနပ်သောကြောင့် ကျောင်းတော်သို့ ရောက်လာ
ပြီးလျှင် ဘုရားအနီး ချဉ်းကပ်၍ ကြမ်းကြုတ်သော စကားတို့ဖြင့် ဆဲရေးလေသည်။ ဘုရားရှင်သည်



ပုဏ္ဏား၏ ဆဲရေးစကားကို ခွန်းတုံ့မပြန် နှုတ်လှံမထိုးဘဲ ငြိမ်သက်စွာ နားထောင်နေ၏။
ပုဏ္ဏားသည် အတန်ကြာမျှ ဆဲရေးခြိမ်းခြောက်ပြီးနောက် ငြိမ်သက်သွားလျှင် ဘုရားက ဤသို့ မေးပါသည်။
'' ပုဏ္ဏား- သင့်ထံကို ဆွေမျိုးသားချင်းတွေ၊ ဧည့်သည် မိတ်ဆွေတွေ လာဖူးသလား၊ ''
'' လာပါသည်၊ ဧည့်သည်တွေ လာတာပေါ့၊ ''
'' ဧည့်သည်တွေ လာလျှင် စားဖွယ် သောက်ဖွယ်တွေနဲ့ ဧည့်ခံ ကျွေးမွေးသည် မဟုတ်လော၊''
'' ကျွေးပါသည်၊ အိမ်ရှင်တို့ ၀တ္တရားအတိုင်း ကျွေးမွေး ဧည့်ခံရတာပေါ့၊ ''
'' ပုဏ္ဏား- သင်ကျွေးမွေးသည့် စားသောက်ဖွယ်တွေကို ဧည့်သည်တွေက မသုံးဆောင်လျှင် စားသောက်ဖွယ်တွေကို ဘယ်လိုလုပ်သနည်း၊ ''
'' သူတို့ မစားသောက်လျှင် စားသောက်ဖွယ်တွေကို ကျွန်ုပ်တို့ပဲ ပြန်သိမ်းရသည်၊ ကျွန်ုပ်တို့ပဲ
လိုအပ်သလို အသုံးချရတာပေါ့၊ ''
'' ပုဏ္ဏား- ဒီနည်းအတိုင်းပေပဲ၊ သင်ဟာ မဆဲရေးထိုက်တဲ့ ငါ့ကို လာရောက် ဆဲရေးသည်။ သင်၏ ဆဲရေးမှုကို ငါတို့ မခံယူဘူး၊ သင်၏ ဆဲရေးခြင်းဟာ သင့်ထံကိုသာလျှင် ပြန်၍ ရောက်ရှိပေသည်၊ ''
ဘုရားရှင်သည် ဘာရဒွါဇပုဏ္ဏားအား ဆက်လက်၍ ဟောပြလေရာ ဆဲရေးသော ပုဏ္ဏားသည် အမြင်မှန်ရကာ ဗုဒ္ဓ၏ တပည့်သာဝက အဖြစ်သို့ ရောက်ရှိခဲ့လေသည်။

ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။

Previous Post
Next Post

About Author

0 comments: