Friday, March 9, 2018

“တောင်းပန်သူ ရဟန်းငယ် ”



                                                     
ကိုထူး။  ။ နေကောင်းပါရဲ့လားဘုရား။ 

အရှင်။  ။ ကောင်းပါတယ် ကိုထူး။

ကိုထူး။  ။ တင်ပါ့ဘုရား။ ဆရာတော် အချိန်ရရင် ဟိုတစ်နေ့က မိန့်ခဲ့တဲ့ တောင်းပန်ရခြင်းအကျိုးနဲ့ ဘာ့ကြောင့်တောင်းပန်ဖို့ လိုသလဲ၊ ယောဂီတွေ တရားအားထုတ်ခါနီးမှာ အပြစ်ကြီးငယ်တွေကို ဘာကြောင့် တောင်းပန်ကြရသလဲဆိုတာ ရှင်းပြပေးပါဦးဘုရား။

အရှင်။  ။ ကောင်းပါပြီ ကိုထူး။ “ရာဂ/ ဒေါသ/ မောဟ/ မာန/ ဒိဋ္ဌိ/ ပတ္ထနာ” ဤအကြောင်းတရားခြောက်ပါးကြောင့် ကံ(၃)ပါးဖြင့် ပြစ်မှားမိတတ်ကြပုံနဲ့၊ ဂါရဝ/ နိဝါတ တရားတို့ကြောင့် တောင်းပန်ခြင်းအမှုကို ကျိုးနွံစွာ ပြုတတ်ကြပုံတွေကိုတော့ မှတ်မိပါတယ်နော်။

ကိုထူး။  ။ မှတ်မိပါတယ်ဘုရား။

အရှင်။  ။ အဲဒီမယ်.. ဂါရဝ ဆိုတာက တစ်ဖက်သားအပေါ် လေးစားလာတဲ့သဘော၊ နိဝါတ ဆိုတာ မိမိကိုယ်ကို နှိမ့်ချတဲ့သဘော၊ ကျိုးနွံလာတဲ့သဘောပေါ့။

ကိုထူး။  ။ တင်ပါ့ဘုရား။

အရှင်။  ။ ပြစ်မှားစဉ်တုန်းကတော့ “ရာဂ/ ဒေါသ/ မောဟ/ မာန/ ဒိဋ္ဌိ/” ဆိုတဲ့ တရားဆိုးတွေ ပြဋ္ဌာန်းနေတယ်။ ပတ္ထနာ ဆိုတာကတော့ ရှေးဆုတောင်း ရှေးအကြောင်းခံပေါ့ဗျာ။ ဒီဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါမှ မသိဖူး မမြင်ဖူးကြသော်လည်း မျက်နှာချင်းဆုံမိရုံ၊ စကားလေးတစ်ခွန်းနှစ်ခွန်း ပြောမိရုံနဲ့ အချင်းချင်းဒေါသဖြစ်ပြီး အသေသတ်ပလိုက်ကြတဲ့ ဖြစ်ရပ်တွေ လောကမှာ အများကြီးရှိတယ်။ ရှေးက ပတ္ထနာ-ဆုတောင်းမှားတွေကြောင့်လို့ ပြောနိုင်တာပေါ့ဗျာ။

ကိုထူး။  ။ တင်ပါ့ဘုရား။

အရှင်။  ။ သို့သော် ရှေးဆုတောင်းကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်၊ ပြစ်မှားပြီဟေ့ဆိုရင်တော့ ရာဂ စတဲ့ တရားငါးပါး တစ်ပါးပါး ဦးဆောင်ပြီး  ပြစ်မှားကြတာ ချည်းပါပဲ။  ဆိုတော့.. အဲဒီ ရာဂ စတဲ့ တရားဆိုးတွေဦးဆောင်တဲ့ စိတ်စေတနာတွေကပဲ လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုးတွေကို တားမြစ်လိုက်တော့တာပါပဲ။ မကောင်း ကျိုးတွေကို ဆောင်ကြဉ်းပေးတော့တာပါပဲ။ အကျိုးပေးရာကာလ အနှေး အမြန်၊ အကြီး အသေး ကွာခြား သွားနိုင်ပုံကိုတော့ ဟိုပထမနေ့က ပြောခဲ့တဲ့ မှန်ဥပမာလေးနဲ့ ပတ်လည် ရိုက်ကြည့် လိုက်ရင် သိနိုင်ပါပြီဗျာ။ အဲဒီထက်နည်းနည်းလေး အတွင်းကျကျသိချင်ရင်တော့ ဇောအကြောင်းနဲ့ ကပ်ပြောမှ ရမယ်။ အဲဒါကိုတော့ နောက်မှ ပြောကြတာပေါ့ ။ လောလောဆယ်တော့ တောင်းပန်ဖို့လိုအပ်ပုံနဲ့ တောင်းပန်ခြင်း အကျိုးတွေကိုပဲ ပြောကြတာပေါ့ဗျာ။

ကိုထူး။  ။ တင်ပါ့ဘုရား။ လောလောဆယ် တောင်းပန်ဖို့လိုအပ်ပုံနဲ့ တောင်းပန်ခြင်း အကျိုးတွေကိုပဲ မိန့်ပါဦးဘုရား။

***************************************************

အရှင်။  ။ ပါရာဇိကဏ်အဋ္ဌကထာ ဝေရဉ္ဇာကဏ္ဍအဖွင့်မှာ လာရှိတဲ့ ဝတ္ထုကြောင်းလေး တစ်ခုနဲ့ ကပ်ပြီး ပြောပြပါ့မယ်။ ဝတ္ထုသက်သေသာဓကလေးနဲ့ဆိုတော့ ပိုပြီး နားရှင်းတာပေါ့ ကိုထူးရဲ့။

ကိုထူး။  ။ မှန်ပါ့ဘုရား။

အရှင်။  ။ ဝတ္ထုကြောင်းကလေးကို မပြောခင် ဟောဒီမယ် အဋ္ဌကထာဆရာ ရှင်းပြတဲ့ အရိယာသူတော်ကောင်းတို့ကို စွပ်စွဲကဲ့ရဲ့တဲ့ အရိယူပဝါဒကံ အကြောင်းကို နည်းနည်း ဖတ်ပြဦးမယ်။ “အရိယာနံ ဥပဝါဒကာတိ ဗုဒ္ဓ-ပစ္စေကဗုဒ္ဓ-ဗုဒ္ဓသာဝကာနံ အရိယာနံ အန္တမသော ဂိဟိသောတာပန္နာနမ္ပိ အနတ္ထကာမာ ဟုတွာ အန္တိမဝတ္ထုနာ ဝါ ဂုဏပရိဓံသနေန ဝါ ဥပဝါဒကာ၊ အက္ကောသကာ၊ ဂရဟကာတိ ဝုတ္တံ ဟောတိ။” တဲ့

မြန်မာပြန်လိုက်ရင်..  အရိယာသူတော်ကောင်းတို့ကို စွပ်စွဲ ကဲ့ရဲ့ ဆဲဆိုတတ်ကုန်၏ ဆိုတာ သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ၊ မြတ်စွာဘုရားရဲ့ တပည့်သား အနိမ့်ဆုံးအားဖြင့် သောတာပန်ဖြစ်ပြီးသား လူအရိယာသူတော်ကောင်းတွေကို အကျိုးမဲ့ဖြစ်စေလိုတဲ့အတွက် အန္တိမဝတ္ထုဖြင့်ဖြစ်စေ၊  ဂုဏ်ကိုဖျက်ဆီးခြင်းဖြင့်ဖြစ်စေ စွပ်စွဲတာ၊ ဆဲဆိုတာ၊ ကဲ့ရဲ့တာမျိုးတွေကို ဆိုလိုတာပါတဲ့။

ကိုထူး။  ။ မှန်ပါ့ဘုရား။ အန္တိမဝတ္ထုဖြင့်ဖြစ်စေ၊  ဂုဏ်ကိုဖျက်ဆီးခြင်းဖြင့်ဖြစ်စေ စွပ်စွဲတာ၊ ဆဲဆိုတာ၊ ကဲ့ရဲ့တာမျိုးတွေ ဆိုတာကကော ဘယ်လိုများပါလဲဘုရား။

အရှင်။  ။ “တတ္ထ ''နတ္ထိ ဣမေသံ သမဏဓမ္မော၊ အဿမဏာ ဧတေ''တိ ဝဒန္တော အန္တိမဝတ္ထုနာ ဥပဝဒတိ။ ''နတ္ထိ ဣမေသံ ဈာနံ ဝါ ဝိမောက္ခော ဝါ မဂ္ဂေါ ဝါ ဖလံ ဝါ''တိ ဝဒန္တော ဂုဏပရိဓံသနေန ဥပဝဒတီတိ ဝေဒိတဗ္ဗော။” တဲ့ဗျ။

“ဒီပုဂ္ဂိုလ်တွေမှာ ရဟန်းတရားဆိုတာ မရှိပေါင်ဗျာ၊ ဒီပုဂ္ဂိုလ်တွေဟာ ရဟန်း(အစစ်)တွေ မဟုတ်ပေါင်ဗျာ” စသဖြင့် ပြောဆိုရင် အဲဒါဟာ အန္တိမဝတ္ထု (အဆုံးစွန်ဝတ္ထု- ပါရာဇိကအာပတ်) နဲ့ စွပ်စွဲ ကဲ့ရဲ့ ဆဲဆိုတာပါတဲ့ဗျာ။ “ဒီပုဂ္ဂိုလ်တွေမှာ ဈာန်တရား၊ ကိလေသာတွေက လွတ်မြောက်မှု ဝိမောက္ခတရား၊ မဂ်တရား၊ ဖိုလ်တရား ဆိုတာတွေ မရှိပေါင်ဗျာ” စသဖြင့် ပြောဆိုမယ်ဆိုရင်ဖြင့် အဲဒါမျိုးကို ဂုဏ်ကိုဖျက်ဆီးခြင်းဖြင့် စွပ်စွဲ ကဲ့ရဲ့ ဆဲဆိုတာပါတဲ့ဗျာ။

ကိုထူး။  ။ တင်ပါ့ဘုရား၊ မသိလို့ ပြောမိမှားရင်ကော ဘုရား။

အရှင်။  ။ “သော စ ဇာနံ ဝါ ဥပဝဒေယျ အဇာနံ ဝါ၊ ဥဘယထာပိ အရိယူပဝါဒေါဝ ဟောတိ။ ဘာရိယံ ကမ္မံ သဂ္ဂါဝရဏံ မဂ္ဂါဝရဏဉ္စ၊ သတေကိစ္ဆံ ပန ဟောတိ။” တဲ့ဗျ။ အရိယာဖြစ်နေမှန်း သိသိ မသိသိ အဲသလို ကဲ့ရဲ့မိရင် အရိယာကိုပြစ်မှားတဲ့ အရိယူပဝါဒကံ ထိုက်ပါသတဲ့ဗျာ။ နတ်ရွာကို တားမြစ်တတ်တဲ့၊ အရိယာမဂ်ကိုတားမြစ်တတ်တဲ့ အင်မတန်ဝန်လေးတဲ့ကံကြီးပါတဲ့ဗျာ။ အဲ.. ကုစားလို့တော့ ရနိုင်ကောင်းပါသတဲ့။

ကိုထူး။ ။ ကြောက်စရာကြီးပါဘုရား။ ကုစားလို့ရနိုင်တယ်ဆိုတော့ တော်သေးတာပေါ့ဘုရား။ ကုစားနိုင်မယ့် နည်းလမ်းလေးကို မိန့်ပါဦးဘုရား။

အရှင်။  ။ တောင်းပန်ရမတဲ့ ကိုထူးရဲ့။ အဲဒါဟာ ကုစားဖို့ အကောင်းဆုံး နည်းလမ်းပဲ။ ဒီနေရာမှာ စောစောက ပလ္လင်ခံထားခဲ့တဲ့ ဝတ္ထုကြောင်းကလေး ပြောလို့ရပါပြီ။

ကိုထူး။  ။ တင်ပါ့၊ ပြောပြပါဘုရား။

အရှင်။  ။ ရှေးက ရွာတစ်ရွာမှာ မထေရ်ကြီးတစ်ပါးနဲ့ ရဟန်းငယ်လေးတစ်ပါး ဆွမ်းခံကြပါသတဲ့။ ပထမဆုံးအိမ်က ဆန်ပြုတ်ပူပူလေး လောင်းလှူလိုက်တယ်။ မထေရ်ကြီးမှာက လေနာရောဂါရှိတယ်။ အဲဒါနဲ့ အေးမသွားခင် သောက်မှတော်မယ် ဆိုပြီးတော့ တံခါးခုံလုပ်မလို့ လူတွေသယ်ထားတဲ့ သစ်တုံးပေါ်ထိုင်ပြီး ဘုဉ်းပေးတော်မူလိုက်တယ်။ အဲဒါကို ရဟန်းငယ်လေးက မကျေမနပ်ဖြစ်တယ်။ “ဒီသက်ကျားအိုကြီးဟာ ဒီလောက်တောင်ပဲ မက်မောရသလား၊ ငါတို့ကို အရှက်ကွဲအောင် လုပ်နေတယ်” ဆိုပြီး ကဲ့ရဲ့ပါသတဲ့။

ကိုထူး။  ။ တင်ပါ့ဘုရား။

အရှင်။  ။ ကျောင်းကိုပြန်ရောက်ကြတဲ့အခါ မထေရ်ကြီးကမေးတယ်။ ‘ငါ့ရှင်လေး၊ ဘုရားမြတ်စွာ သာသနာတော်မှာ ထောက်ရာတည်ရာ ရပြီလား’ လို့ မေးတယ်။ ရဟန်းငယ်လေးက ‘မှန်ပါ၊ တပည့်တော် သောတာပန်ပါဘုရား’ လို့ ပြန်ဖြေတယ်။ အဲဒီအခါ မထေရ်ကြီးက ‘ ငါ့ရှင်လေး၊ အဲဒါဆို အထက်မဂ်ဖိုလ်တွေအတွက် မကြိုးစားနဲ့တော့၊ သင်ဟာ ရဟန္တာကို ပြစ်မှားလိုက်မိပြီ’ လို့ အမိန့်ရှိလိုက်တယ်။

ကိုထူး။  ။ တင်ပါ့ဘုရား။

အရှင်။  ။ အဲဒီတော့မှ ရဟန်းငယ်လေးက တောင်းပန်တယ်။ အဲသလို တောင်းပန်လိုက်တဲ့အတွက် အပြစ်တွေ ကျေပျောက်၊ မဂ်တား ဖိုလ်တား အန္တရာယ်တွေက လွတ်မြောက်ပြီး ပကတိအတိုင်း ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သိ၍ဖြစ်စေ မသိ၍ဖြစ်စေ မပြစ်မှားထိုက်သူတွေအပေါ်  ပြစ်မှားမိခဲ့တဲ့ အပြစ်တွေ ရှိရင် ကျေပါစေတော့ရယ်လို့ တောင်းပန်ကြရတာပါပဲ ကိုထူးရဲ့။

ကိုထူး။  ။ တင်ပါ့ဘုရား။

အရှင်။  ။ ဒီနေရာမှာ အဋ္ဌကထာဆရာရဲ့ သြဝါဒကို မှတ်သားသင့်တယ်။ အရိယာတစ်ပါးပါးကို ပြစ်မှားမိရင် အဲဒီအရိယာပုဂ္ဂိုလ်ဆီ သွားပြီးတော့ သူက ကိုယ့်ထက်ငယ်နေရင် ‘အရှင့်ကို ဒီလိုဒီလို ပြောမှားမိပါတယ်၊ တပည့်တော်ရဲ့ အမှားတွေကို သည်းခံတော်မူပါ’ လို့ တောင်းပန်ရပါမယ်တဲ့။ အကယ်၍ သူကကိုယ့်ထက်ကြီးနေရင် ဆောင့်ကြောင့်ထိုင် လက်အုပ်ချီ ၊ စောစောက ပြော သလို ပြောပြီး တောင်းပန်ရ ပါမယ်တဲ့။ အကယ်၍များ အဲဒီအပြစ်မှားခံ ပုဂ္ဂိုလ်က တောင်းပန်တာကို လက်မခံတာမျိုး၊ တစ်ခြားတစ်နေရာရာသို့ ထွက်သွားတာမျိုး ကြုံရမယ်ဆိုရင်တော့၊ အဲဒီကျောင်းတိုက်က ရဟန်းတော်တွေဆီသွားပြီးတော့ ကိုယ်က အကြီးဖြစ်နေရင် နေမြဲအတိုင်းနေပြီးတော့၊ ကိုယ်ကအငယ်ဖြစ်နေရင် ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီးတော့ ‘တပည့်တော်ဟာ ဘယ်သူဘယ်ဝါကိုဖြင့် ဘယ်လိုဘယ်လို ပြောဆို ပြစ်မှားမိပါတယ်။  တပည့်တော်ကို အဲဒီပုဂ္ဂိုလ်က ခွင့်လွှတ်စေလိုပါတယ်ဘုရား’ လို့ တောင်းပန်လျှောက်ထားရပါမယ်တဲ့ ကိုထူးရဲ့။

ကိုထူး။  ။ မှန်ပါ့ဘုရား။ အကယ်၍များ အပြစ်မှားခံပုဂ္ဂိုလ် ကွယ်လွန်ပြီးမှ ပြစ်မှားတဲ့ပုဂ္ဂိုလ်က ကိုယ့်အပြစ်ကိုကိုယ် သတိရရင်ရောဘုရား။

အရှင်။  ။ အင်း..၊ ပြစ်မှားခံ ပုဂ္ဂိုလ်ကွယ်လွန်သွားပြီးမှ ဆိုရင်တော့ ထိုပုဂ္ဂိုလ်ကွယ်လွန်ရာနေရာ၊ ဒါမှမဟုတ် ထိုပုဂ္ဂိုလ်ကို သဂြိင်္ုဟ်ရာ သုသာန်သို့ သွားရောက်ပြီး တောင်းပန်ရပါမတဲ့ ကိုထူးရဲ့။ အဲလိုတောင်းပန်လိုက်ရင် နတ်ရွာ မဂ်ဖိုလ်ရဲ့ အန္တရာယ်တွေက လွတ်သွားတယ်။ ပုံမှန် ပင်ကိုယ် ပကတိအတိုင်း ပြန်ဖြစ်ပါသတဲ့ ကိုထူးရဲ့။

ကိုထူး။  ။ တင်ပါ့ဘုရား။ တကယ်တော့ မိမိကိုယ်ကိုယ် နှိမ့်ချလိုက်တဲ့အကျိုး၊ တဖက်သားရဲ့ ဂုဏ်ကျေးဇူးကို ပြတ်ပြတ်ထင်ထင် မြင်အောင်ကြည့်ပြီး လေးစားလာနိုင်တဲ့အကျိုးတရားတွေပေါ့ ဘုရား။

အရှင်။  ။ ဟုတ်ပါသဗျာ။ အဲဒါကြောင့်လည်း တရားအားထုတ်ခါနီးပြီဆိုရင် မသိလို့ပြစ်မှားမိခဲ့တာ များရှိရင် မဂ်တားဖိုလ်တား မဖြစ်အောင် အမြဲပဲ ကန်တော့တောင်းပန်ကြရတာပေါ့ ကိုထူးရဲ့။

ကိုထူး။  ။ တင်ပါ့ဘုရား။ တပည့်တော်တို့ လူသားတွေဆိုတာလည်း အခက်သားပါလားဘုရား။ တရားအားထုတ်ကြသူတွေ အချင်းချင်းတောင် ‘တို့ဆရာတော်နည်းကဘယ်လို၊ မင့်ဆရာတော့်နည်းက ဘယ်သို့၊ အဲဒီနည်းနဲ့ အားထုတ်လို့ကတော့ မောင်၊ မင့် ခါးသာ ကျိုးရင် ကျိုးသွားမယ်၊ တရားရဖို့ကတော့ မမြင်ပေါင်ကွာ’ ဘာညာနဲ့  ပါးစပ်အလွတ် လျှာအလွတ်နဲ့ ပြောမိပြောရာ ပြောမိမှား တတ်ကြတာမျိုးတွေကိုးဘုရာ့။ မတော် ကိုယ်ပြစ်မှားမိတဲ့ သူတွေက အရိယာပုဂ္ဂိုလ်တွေ ဖြစ်နေရင် မခက်ပါလားဘုရား။

အရှင်။  ။ အေးဗျ။ အဲဒါကြောင့် တစ်ချို့ပညာ့ရှင်တွေက ‘နှာခေါင်းချွန်းရင် ချွန်းပလေ့စေ၊ ပါးစပ်မချွန်းစေနဲ့’ လို့ သတိပေးကြ တာပေါ့ဗျ။ နှာခေါင်းချွန်းလို့ အပါယ်မကျနိုင်ဘူး၊ အဲ.. ပါးစပ်ချွန်းရင်တော့ အပါယ်ထိလည်း ကျသွားနိုင်တယ်။ သဂ္ဂါန္တရာယ် လို့ ခေါ်တာပေါ့။ ဘယ်လောက်အားထုတ် အားထုတ် မဂ်ဖိုလ် မရနိုင်တော့ဘူး၊ မဂ္ဂါန္တရာယ်လို့ ခေါ်တာပေါ့။ ခုတောင်းပန်ကြတယ် ဆိုတာက မသိလို့ ပြစ်မှားမိခဲ့ရင်တောင် အဲသလို သဂ္ဂါန္တရယ်၊ မဂ္ဂါန္တရာယ်တွေက လွတ်ကင်းအောင်လို့ တောင်းပန်ကြတာပေါ့ ကိုထူးရဲ့။

ကိုထူး။  ။ အရှင်ဘုရားလည်း နားပါဦးဘုရား။ သို့သော် တစ်ခုလောက်တော့ မေးပါရစေဦးဘုရား။ အပြစ်တော့ဖြင့် ပြုမိထားတာမျိုးမရှိဘူး၊ အဲသလို မရှိပဲနဲ့ မှန်းသမ်းပြီးတော့ အပြစ်ရှိရင် ခွင့်လွှတ်တော်မူပါ လုပ်နေတာကျတော့ အပိုသက်သက်လို ဖြစ်မနေဘူးလားဘုရား။

အရှင်။  ။ အာ.. အပိုသက်သက် မဖြစ်ပါဘူး ကိုထူးရ၊

‘အဘိဝါဒန သီလိဿ ၊ နိစ္စံ ဝုဍ္ဎာပစာယိနော ။
 စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ ၊ အာယု ဝဏ္ဏော သုခံ ဗလံ” တဲ့ဗျ။
အာဋာနာဋိယသုတ်မှာ ဟောတော် မူထားတယ်။

ကိုထူး။  ။ တင်ပါ့ဘုရား။ 

အရှင်။  ။ “အဘိဝါဒန သီလိဿ - ရှိခိုးထိုက်သူကို ရိုသစွာ ရှိခိုးလေ့ရှိသော၊ နိစ္စံ - အမြဲမပြတ်၊ ဝုဍ္ဎာပစာယိနော- မိမိထက် အသက် ၊ဂုဏ်အားဖြင့် ကြီးသူကို ရိုသေလေ့ရှိသော ပုဂ္ဂိုလ်အား ၊အာယု -အသက်ရှည်ခြင်းသည်လည်းကောင်း ၊ ဝဏ္ဏော- အဆင်းလှခြင်းသည်လည်းကောင်း၊ သုခံ - ကိုယ်စိတ်ချမ်းသာခြင်းသည် လည်းကောင်း ၊ ဗလံ - ကိုယ်အားဉာဏ်အား ကြီးခြင်းသည်လည်းကောင်း ၊ စတ္တာရော -လေးပါးကုန်သော ၊ ဓမ္မာ -အကျိုးတရားတို့သည် ၊ ဝဍ္ဎန္တိ - တစ်နေ့တခြား တိုးပွားကုန်၏ ။’ တဲ့ဗျ။ တောင်းပန်တယ် ဆိုမှတော့ ကန်တော့ကြတော့ တာပဲ၊ အရိုအသေ ပေးကြတော့တာပဲ မဟုတ်လား ကိုထူးရဲ့။

ကိုထူး။  ။ ဟုတ်ပါတယ်ဘုရား၊ နားလည်ပါပြီဘုရား။ ဝမ်းမြောက်လှပါတယ်ဘုရား။

အရှင်။  ။ ကိုင်း.. ဒီနေ့ ဒီလောက်ဆို တော်ကြဦးစို့ ကိုထူးရဲ့၊ မပြစ်မှားထိုက်သူတွေကို ပြစ်မှားမိရင် ကောင်းကျိုးတရားတွေ ဝင်လာမယ့် လမ်းပေါက်တွေ ပိတ်ဆို့သွားတတ်ပုံ၊ တောင်းပန်လိုက်ရင် ကောင်းကျိုးတရားတွေ ဝင်လာမယ့်လမ်းပေါက်ကို ဖွင့်ပေးလိုက်တာနဲ့ တူပုံတွေကို ဒီ့ထက်ပိုရှင်းသွားအောင် နောက်နေ့မှ ဥပမာလေးပေးပြီး ထပ်ဆွေးနွေးကြသေးတာပေါ့ ကိုထူးရေ။ ချမ်းသာပါစေဗျာ။

ကိုထူး။  ။ တင်ပါ့၊ တပည့်တော်လည်း ဒီထက်ရှင်းရှင်းလင်းလင်း သိလို မှတ်သားလို ပါသေးတယ်ဘုရား။ မနက်ဖြန် လာခဲ့ပါ့မယ်ဘုရား။ အရှင်ဘုရားလည်း ကျန်းမာ ချမ်းသာပါစေ ဘုရား။
                                                                                   မေတ္တာဖြင့်
                                                                                   အရှင်ဝိသာရဒ (ရမ္မာဝတီ)

Previous Post
Next Post

About Author

0 comments: