မြန်မာရာဇ၀င်တွင် ထင်ရှားသော နရသီဟပတေ့မင်းသည် လျှာဓားမ၏ ဖြတ်တောက်မှု
ကြောင့် သေဆုံးရသော မင်းတစ်ပါး ဖြစ်သည်။
နရသီဟပတေ့မင်းမှာ သားတော်သုံးပါး ရှိသည်။ မိဖုရား စောနန်းက သားတော်
ဥဇနာကို မွေးသည်။ မိဖုရား ရှင်ပါးက သားတော် ကျော်စွာကို မွေးသည်။ မိဖုရား ရှင်မောက်က
သားတော် သီဟသူကို မွေးသည်။
မင်းသည် ၀က်ကောင်လုံးကင်ကို ပွဲတော်တည်လေ့ ရှိသည်။ ထိုအခါ ဥဇနာနှင့်
ကျော်စွာ တို့အား ၀က်လက်သားကင်ကို ပေးသည်။ သီဟသူကိုမူ ၀က်ပေါင်သားကင်ကို ပေးသည်။ နေ့စဉ်
ပေးနေသောအခါ မိဖုရား ရှင်မောက်သည် စားတော်ကဲကို ငွေ ၃၀-ပေး၍ '' ငါ့သား သီဟသူကို
ဝက်လက်သားကင်ကို ပေးပါ၊ ကျော်စွာကို ၀က်ပေါင်သားကင် ပေးပါ၊ '' ဟု
စေခိုင်းသည်။
စားတော်ကဲလည်း ရှင်မောက်ခိုင်းသလို ပြောင်းလဲ ပေးသည်။
ဤကိစ္စကို ဘုရင်သိလျှင် စားတော်ကဲကို အပြစ်ဒဏ်ပေးပြီး ရှင်မောက်ကိုလည်း
'' ၀က်လက် ခိုးမ '' ဟု လူပုံအလယ်၌ ရေရွတ်ကြိမ်းမောင်းသည်။ သီဟသူကိုလည်း '' ၀က်လက်ခိုးမသား
'' ဟု ခေါ်လေတော့သည်။ ဤကိစ္စအတွက် သီဟသူ၏ စိတ်တွင် အလွန်နာကြည်းနေခဲ့လေသည်။ သက္ကရာဇ် ၆၄၆-ခုနှစ်တွင်
နရသီဟပတေ့မင်းသည် တိုင်းပြည် မငြိမ်သက်မှုကြောင့် ပုသိမ်သို့ ထွက်ခွာသွားခဲ့ရသည်။ ပုသိမ်၌
ငါးလမျှ စံနေခဲ့ပြီးနောက် အညာသို့ ဆန်တက်လာ ခဲ့သည်။ ပြည်မြို့သို့ ရောက်လျှင် သားတော်
သီဟသူက ဆန်တက်ခြင်း မပြုရန် တားမြစ်၏။ မင်းကြီးဖောင်တော်သို့ အဆိပ်ခပ်ထားသော စားတော်ကို
ပို့ဆက်၍ စားစေရာ နရသီဟ
ပတေ့မင်းလည်း အဆိပ်သင့်၍ သေဆုံးခဲ့ရလေသည်။
မြ၀တီဦးစ၏ လျှာဓားမ
ကုန်းဘောင်ခေတ်အတွင် ထင်ရှားသော မြ၀တီမင်းကြီး ဦးစသည်လည်း လျှာဓားမကြောင့်
ဒုက္ခရောက်ခဲ့ရပါသည်။ အကြောင်းကား ဤသို့တည်း။
ဦးစသည် ဖန်နန်းရှင် မင်းတရားနှင့် ညီတော် သာယာဝတီမင်သားတို့ အရေးအခင်း
ဖြစ်စဉ်က ဖန်နန်းရှင်၏ သစ္စာခံ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် နန်းမတော် မယ်နုနှင့် စလင်းစား
မောင်အိုတို့က နန်းတွင်းရေးကို ချုပ်ကိုင်ထားကြသည်။ ထိုအခါ ဦးစသည် စလင်းစားတို့ဘက်က
ရပ်တည်ခဲ့ပြန်သည်။
သာယာဝတီမင်းသားသည် စလင်းစားတို့၏ အမှုရှာကြံမှုကြောင့် နေပြည်တော်မှ
ထွက်ခွာ သွားရသည်။ ထိုအခါ မြ၀တီမင်းကြီး ဦးစက လွှတ်တော်မှ အမိန့်ထုတ်ပြန်သည်။ အမိန့်ထုတ်ပြန်
ချက်တွင် '' သာယာဝတီစား ငခင်အား ဖမ်းဆီးရန် '' ဟူ၍ မလေးမစား ရေးသား၍ ထုတ်ပြန် ခဲ့လေသည်။
အရေးတော် ပြီးပြေသဖြင့် သာယာဝတီမင်း နန်းတက်ရသောအခါ သာယာဝတီမင်းက
'' ၀န်ကြီးငစနှင့် အပေါင်းပါ မှူးမတ်တို့သည်လည်း ငါတို့ ကျေးဇူးသစ္စာတော်ကို
ထောက်ထား သင့်ပါလျက် ရန်သူအားပေး ပြုသည်၊ သင်းတို့တစ်စုကို ငါသတ်ထိုက်ပြီ၊ လွှတ်တော်အမိန့်
ထုတ်ပြန်စဉ်ကလည်း '' သာယာဝတီစား ငခင်ငယ် '' ဟု ငါ့ကို မလေးမစား ရေးသားခေါ်ဝေါ် ခဲ့ဖူးပြီ၊
သင်း- သေသင့်ပြီ၊ သင်းကို ယခု မသတ်သေး၊ ငါ့ဘုန်းသမ္ဘာတော်ကို ကြည့်စေဦးမည်၊ ထောင်မှာ
ထားလိုက်ကြ၊ '' ဟု အမိန့်တော် မှတ်သဖြင့် ထောင်သွင်း၍ အကျဉ်းချထား လိုက်ကြသည်။
ဦးစသည် အသတ်မခံရမီ ထောင်တွင်း၌ နှစ်နှစ်ကျော်မျှ အကျဉ်းခံနေခဲ့ရသည်။
ထိုစဉ် သဲအင်းသာသနာပိုင် ပျံလွန်သဖြင့် သာယာဝတီမင်းနှင့် အဖွဲ့သည် ကျောင်းတော်သို့
ြွကချီသည်။ ထိုအချိန်တွင် ဦးစနှင့် အကျဉ်းသားများမှာ မင်းလမ်းတစ်လျှောက်တွင် လမ်းပြင်နေကြရသည်။
အဖွဲ့တွင် ပါဝင်သော သမီးတော် စကြာဒေ၀ီ စုဖုရားကြီးသည် မြေသယ်နေသော ဦးစကို မြင်သွား၏။
စုဖုရားကြီးက ဦးစကို ခေါ်ပြီး မေးမြန်းရာ '' ကျွန်တော်မျိုးမှာ အမျက်တော် ရှသဖြင့် အကျဉ်းသား
ဘ၀နှင့် နေခဲ့ရသည်မှာ နှစ်နှစ်ကျော်ပါပြီ၊ ထောင်တွင်းမှာ နေရတာ အလွန်ဒုက္ခ ကြီးလှပါသည်၊
'' ဟု လျှောက်ထားသည်။
စုဖုရားကြီးက '' စစက ဘုန်းတော်ဘွဲ့တစ်ပုစ် ရေးပြီး ငရွှေသာကို ပေးလိုက်ပါ၊
အခွင့်သင့် ချိန်မှာ ခမည်းတော်ကို လျှောက်ပြီး အကျဉ်းက လွတ်အောင် ဆောင်ရွက်ပေးပါမည်၊
'' ဟု မှာကြား ထားခဲ့လေသည်။
ဦးစသည် အကျဉ်းထောင်သို့ ပြန်ရောက်လျှင် '' ကုန်းဘောင်နေမင်း၊ ဘုန်းရောင်ဝေရှင်း''
ဘုန်းနွယ် (ရေစကြို) ဗုဒ္ဓဟောကြား
လူကျင့်တရား (၃၄)
အစချီ ဘုန်းတော်ဘွဲ့ကို ရေးသား၍ ငရွှေသာကို ပေးလိုက်၏။
သက္ကရာဇ် ၁၂၀၁-ခု၊ တန်ဆောင်မုန်းလတွင် အနောက်စမုတ် ရုပ်သေးပွဲ၌ သာယာဝတီ
မင်းနှင့် သမီးတော် စကြာဒေ၀ီ စုဖုရားကြီးတို့ ပွဲရှုစားစဉ် ငရွှေသာက ဘုန်းတော်ဘွဲ့ သီချင်းကို
သီဆိုသည်။
'' ဒီသီချင်းကို ဘယ်သူ ရေးဖွဲ့သလဲ၊ '' ဟု သာယာဝတီမင်းက မေးသည်။
သမီးတော်ကြီးက '' ထောင်ထဲမှာ အကျဉ်းချထားတဲ့ ၀န်ကြီးဟောင်းငစ ဖွဲ့ဆိုပါသည်၊
ယခုလဲ ထောင်တွင်းမှာ နှစ်နှစ်ကျော် ဒုက္ခရောက်နေပါသည်၊ နှမြောဖို့
ကောင်းလှပါသည်၊ ''စသည် ဖြင့် လျှောက်ထားသည်။
သာယာဝတီမင်းသည် သမီးတော် စကြာဒေ၀ီ စုဖုရား၏ လျှောက်တင်ချက်ကြောင့်
''ယခု ပင် ထောင်က လွတ်ပါစေ၊ '' ဟု အမိန့်ရှိသဖြင့် ညတွင်းချင်းပင် ထောင်မှ လွှတ်ပေးလိုက်သည်။
စုဖုရား၏ ကျေးဇူးကြောင့် ဦးစမှာ သေဒဏ်ပင် မခံရတော့ဘဲ လွတ်ငြိမ်းခွင့် ရရှိခဲ့ပါသည်။
စကားကြမ်းအစု ဆဲရေးမှု၌ ပါဝင်သော နှုတ်မှုကံသည် မျက်မှောက်ဘ၀၌ပင် ဆိုးကျိုး
တရားကို ခံစားသွားရသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။
ထို့ကြောင့် မကောင်းမှု အမှန်၊ မကောင်းကျိုးကို ဧကန်ဖြစ်စေသော ဆဲမှုကံ
စရိုက်ဆိုး
တရားကို ရှောင်ရှားကြကုန်ရာ၏။ ။
ဘုန်းနွယ်(ရေစကြို) ဗုဒ္ဓဟောကြား လူကျင့်တရား မှ ကူးယူဖော်ပြပါသည်။
0 comments: