Wednesday, February 28, 2018
စံချိန်စံညွှန်းမီရင် ရနိုင်ပါတယ်
ကိုထူး ။ ။ မနက်အားထုတ် ညရတယ်ဆိုတာဖြစ်နိုင်ပါ့မလား
ဘုရား။
အရှင် ။ ။ ဘယ်အရာမှာမဆို
တစ်ခုခုကို အောင်မြင်ပြီးမြောက်ဖို့နိုင်ဖို့အတွက် ဆိုရင် စံချိန်စံညွှန်းကိုက်ညီဖို့
လိုအပ်ပါတယ်။ အပူချိန် ၁၀၀ ဒီဂရီ စင်တီဂရိတ်ပေးပါမှ အရည်ပျော်နိုင်မယ့် သတ္တုတစ်ခုကို
အရည်ဖျော် မယ်ဆိုရင် အပူချိန်၁၀၀ ဒီဂရီစင်တီဂရိတ် အပြည့်ပေးနိုင်ဖို့ လိုရင်း ပါပဲ။
၂၄ နာရီအတွင်း အပူချိန်ပြည့်ပေးနိုင်ရင် ၂၄ နာရီအတွင်းမှာ အရည်ပျော်ပါမယ်။ ၄၈ နာရီအတွင်း
အပူချိန်ပြည့်ပေးနိုင်ရင် ၄၈ နာရီအတွင်း အရည်ပျော်မှာ ဖြစ်ပါတယ်။ အဲဒီဥပမာအတိုင်းပဲ
တရားအားထုတ်တဲ့နေရာမှာလည်း ကိလေသာတွေကို ပယ်သတ်နိုင် တဲ့ ဓမ္မစံချိန်စံညွှန်းကိုက်ညီအောင်
အားထုတ်နိုင်ရင် မနက်အား ထုတ်ရင် ညရနိုင်တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
ကိုထူး ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ မဟာသတိပဋ္ဌာနသုတ်တော်မှာ
သတိပဋ္ဌာန်လေးပါးကို ပွားများအား ထုတ်ရင် ခုနစ်နှစ်အတွင်း တရားထူးရနိုင်ကြောင်း ဟောတော်မူပါ
တယ်။ အဲဒီကနေ ခြောက်နှစ်၊ ငါးနှစ်၊ လေးနှစ်၊ သုံးနှစ်၊ နှစ်နှစ်၊ တစ်နှစ် စသည်အားဖြင့်
အဆင့်ဆင့်ဟောကြားတော်မူခဲ့ပြီး နောက် ဆုံး ခုနစ်ရက်အတွင်း တရားထူးရနိုင်ကြောင်း ဟောကြားတော်မူ
ခဲ့ပါတယ်။
ကိုထူး ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏသာသပါဠိတော်၊ ရာဇ၀ဂ်၊
ဗောဓိရာဇ
ကုမာရသုတ်မှာတော့
'မင်းသားတစ်ရက်ကို ထားဦးလော့၊ ဤ
ကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်း
အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော
ရဟန်းသည်
မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်
ရှိသော်၊
ညချမ်းအခါဆုံးမမူ နံနက်အခါ၌ တရားအထူးကို ရပေလိမ့်
မည်၊ နံနက်အခါ
ဆုံးမမူ ညချမ်းအခါ၌ တရားအထူးကို ရပေလိမ့်
မည်' ဆိုပြီး
ဟောတော်မူထားပါတယ်။
ကိုထူး ။ ။ မှန်ပါ၊ သဘောကျ ကျေနပ်ပါပြီဘုရား။
ဘုရားရှင်အား၊ ယုံကြည်ငြား၊ မှတ်သား မဂ်ရကြောင်း။ ကျန်းမာသောထွေ၊
အစာကြေ၊ မှတ်လေ မဂ်ရကြောင်း။ ဟန်ဆောင်ကင်းကွာ၊ ရိုးဖြောင့်ပါ၊ မှတ်ပါ မဂ်ရကြောင်း။
ဝီရိယသန်၊ အားထုတ်ပြန်၊ အမှန် မဂ်ရကြောင်း။ ဖြစ်ပျက်မြင်သိ၊ ဉာဏ်မြင်ရှိ၊
မှတ်ဘိ မဂ်ရကြောင်း။ စံညွှန်းကိုက်က၊ ရနိုင်ကြ၊ ဉာဏဆင့်ဆင့်လောင်း။
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၂၈/၁၂/၂၀၁၃
သုသာန်ဝမှာကြွေလွင့်ခဲ့ရသော ဂုဏ်ဒြပ်များ
မနေ့က သူငယ်ချင်းတစ်ပါးနေတဲ့ကျောင်းက ကျောင်းထိုင်ဆရာ တော်ကြီး
ပျံလွန်တော်မူသွားတယ်။
ဒီနေ့ သူငယ်ချင်းနဲ့အတူ ရေဝေးသုသာန်ကို လိုက်သွားပြီး
ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို အပ်နှံခဲ့ကြတယ်။
စာရေးသူအတွက်ကတော့ ဒါဟာ အလောင်းတွေထားတဲ့ အအေး ခန်းနားကို ပထမဆုံးအကြိမ်
ရောက်ဖူးခြင်းပါပဲ။ (တောမှာ ကျောင်းထိုင် ခဲ့တုန်းကတော့ သုသာန်အတော်များများကို မကြာခဏ
ရောက်ခဲ့ဖူးတာ ပေါ့။)
ဝန်ထမ်းတွေဟာ အလောင်းတွေနဲ့ အလုပ်ရှုပ်နေကြတာကို တွေ့ရတယ်။ အလောင်းရှင်တွေကတော့
မိမိတို့ရဲ့ ဘယ်သူဘယ်ဝါပဲ (ဥပမာ ... ငါတို့ဆရာတော်ကြီးပဲ၊ ငါ့အဖေပဲ၊ ငါ့အမေပဲ) ဆိုတဲ့အတွေး
နဲ့ အလောင်းကို ရိုသေနေကြသလောက် ၀န်ထမ်းတွေအတွက်ကတော့ အလောင်းတစ်လောင်းဟာ အလောင်းတစ်လောင်းထက်
ပိုပုံ မရပါဘူး။
သူတို့လုပ်စရာရှိတာတွေကို ဂရုတစိုက်လုပ်နေကြရုံမှအပ ဒါဆရာတော် ကြီးပဲ၊
ဒါကတော့ ကလေးလေးပဲ၊ ဒါကတော့ ဘယ်သူဘယ်ဝါပဲဆိုတဲ့ အတွေးမျိုး သူတို့မှာ ရှိပုံ မရပါဘူး။
နာရေးတင်လာတဲ့ ကားတစ်စီးဆိုက်လာရင် ကားပေါ်က အလောင်းကိုရေချိုးပေးတဲ့နေရာထဲကိုသယ်သွားကြမယ်။
ပြီးရင် အအေး ခန်းထဲကို ပို့ကြမယ်။ တခိျု့အလောင်းတွေကိုတော့ အအေးခန်းထဲက ပြန်ထုတ်လာကြပြီး
ရေချိုးခန်းထဲကို သယ်သွားကြတာ တွေ့ရတယ်။ ထပ်ပြောရရင် သူတို့လုပ်စရာရှိတာတွေကို လုပ်နေကြတဲ့
သဘောလောက် ပဲ တွေ့ခဲ့ရတယ်။
ဆရာတော်ကြီးအလောင်းကလည်း 'ဟေ့ ... ငါက ဆရာ တော်ကြီးကွ၊ မင်းတို့
ငါ့ကို လူသာမန်တွေအလောင်းကို ကိုင်တွယ်သလို မလုပ်ကြနဲ့' လို့ မပြောနိုင်တော့သလို ကလေးလေးအလောင်းကလည်း
'သားကို ဒီလို မလုပ်ကြပါနဲ့'လို့ မပြောနိုင်တော့ပါဘူး။
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ...
ရာထူးဂုဏ်၊ ကျော်ကြားမှုအရှိန်အ၀ါဂုဏ် ... ငယ်ဂုဏ်၊ ကြီးဂုဏ်
...
ဂုဏ်ပေါင်းစုံတွေဟာ
သုသာန်ဝမှာတင်ပဲ ခ၀ါကျခဲ့ကြရပါပြီကော ...။
(သံဝေဂတရားဖြင့် လောဘ၊ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာ၊
မစ္ဆ္ဆရိယတရားဆိုးများကို ချေဖျက်နိုင်ကြပါစေသတည်း)
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၅/၀၆/၂၀၁၁
လူကြီးလူကောင်းဆန်ပါစေ၊ အဆင်ပြေအောင်နေပါလေ
ကိုယ်အဆင်ပြေနေတဲ့အခါ အဆင်မပြေဖြစ်နေသူတွေကို နှစ်သိမ့် ပေးဖို့
လွယ်ပါတယ်။ ကိုယ်က အနိုင်ရနေတဲ့အခါ ရှုံးနိမ့်သူတွေကို နှစ် သိမ့်ပေးဖို့ လွယ်ပါတယ်။
ဆိုလိုတာက ကိုယ်က အသာစီးရနေတဲ့အခါ လူကြီးလူကောင်းဆန်ပြဖို့ဆိုတာ အင်မတန် လွယ်ကူတဲ့အလုပ်ပါ။
နည်းနည်း ချဲ့ရေးရရင် ကိုယ်က လူ့ဘ၀ကို ရောက်နေတဲ့အခါ တိရစ္ဆာန်လေးတွေအပေါ်
လူကြီးလူကောင်းဆန်နိုင်ဖို့ လွယ်ပါတယ်။ ကိုယ်က လုပ်ပိုင်ခွင့်ရှိနေတဲ့အခါ လုပ်ပိုင်ခွင့်မရှိသူတွေအပေါ်
လူကြီး လူကောင်းဆန်နိုင်ဖို့ လွယ်ပါတယ်။ ကိုယ်က ပြောအားရှိတဲ့အခါ ပြော အားမရှိသူတွေအပေါ်
လူကြီးလူကောင်းဆန်နိုင်ဖို့ လွယ်ပါတယ်။
အသာစီးရနေတဲ့အခါတောင် လူကြီးလူကောင်း မဆန်တတ်ရင် အသာစီး မရတဲ့အခါ
လူကြီးလူကောင်းဆန်နိုင်တတ်ဖို့ဆိုတာ မလွယ် တော့ပါဘူး။ အဆင်ပြေနေတဲ့အခါတောင် အဆင်ပြေအောင်
မနေတတ်ရင် အဆင်မပြေတဲ့အခါ အဆင်ပြေအောင်နေတတ်ဖို့ဆိုတာ မဖြစ်နိုင်တော့
ပါဘူး။
တကယ်တော့ အဆင်မပြေဘူးဆိုတာလည်း (များသောအား ဖြင့်) ကိုယ့်အနေအထားကို
ကိုယ်မကျေနပ်တဲ့အခါ ဖြစ်လာတတ်တဲ့ စိတ် ခံစားမှုတစ်မျိုးရယ်သာပါ။ အဆင်ပြေတယ်ဆိုတာလည်း
ကိုယ့်အနေ အထားကို ကိုယ်ကျေနပ်နှစ်သိမ့်မိတဲ့အခါ ဖြစ်လာတတ်တဲ့ စိတ်ခံစားမှု တစ်မျိုးရယ်သာပါ
တကယ်ဖြစ်သင့်တာက အဆင်မပြေဘူးထင်တဲ့အခါ ပတ်ဝန်း ကျင်ကို မကျေမနပ်ဖြစ်နေမယ့်အစား၊
အရွဲ့တိုက်နေမယ့်အစား၊ မှိုင်တွေ ငေးမောစိတ်ဓာတ်ကျနေမယ့်အစား နှစ်ဦးနှစ်ဘက် အန္တရာယ်အကင်း
ဆုံးနဲ့ အဖြစ်နိုင်ဆုံးထွက်ပေါက်ကိုသာ ကြိုးစားရှာဖွေသင့်ကြပါတယ်။ အဆင်ပြေတယ်ထင်တဲ့အခါမှာလည်း
အတိုင်းထက်အလွန် အောင်ပွဲခံနေ ဖို့ထက် ရှုံးနိမ့်သူတွေကိုနှိပ်ကွပ်နေဖို့ထက်၊ အတတ်နိုင်ဆုံးဖေးမနှစ်သိမ့်
မှုပေးပြီး ကိုယ်ကိုယ်တိုင်လည်း အဖြစ်နိုင်ဆုံး၊ အကောင်းဆုံး ဆက်လက် ကြိုးစား သွားကြရမှာသာ
ဖြစ်ပါတယ်။
ဖေးမမှု၊ စာနာနားလည်မှု၊ ခွင့်လွှတ်မှု၊ ကျေအေးမှု၊ ကူညီ မှုဆိုတာတွေဟာ
စာအုပ်တွေထဲမှာသာ ရေးမှတ်ထားသင့်တဲ့အရာမျိုး တွေ မဟုတ်ပါဘူး။ သြ၀ါဒစကားအနေနဲ့ အခမ်းအနားတွေမှာသာ
မြွက်ကြားသင့်တဲ့အရာတွေမဟုတ်ပါဘူး။နေ့စဉ်လူမှုဘ၀မှာပါအကောင်း
ဆုံး အသုံးချသင့်ကြတဲ့အရာမျိုးတွေ ဖြစ်ပါတယ်။ အစစအရာရာ ပြိုင် ဆိုင်မှုတွေပြင်းထန်လွန်းလှတဲ့
ဒီနေ့ခေတ်မှာ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေ အဆင်တပြေနေထိုင်သွားနိုင်ကြဖို့အတွက်
အခြေအနေကောင်း ကောင်း ပတ်ဝန်းကျင်ကောင်းကောင်းကို ရှာဖွေဖို့လည်း လိုအပ်သလို၊ မိမိကိုယ်ကိုပြုပြင်ရင်း
ပတ်ဝန်းကျင်ကောင်းအခြေအနေကောင်းတွေကို (ကိုယ့်အတိုင်းအတာနဲ့ကိုယ်)အတတ်နိုင်ဆုံးဖန်တီးယူတတ်ကြဖို့လည်း
လိုအပ်မှာဖြစ်ပါတယ်။
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၂၄/၁၂/၂၀၁၃