Tuesday, February 27, 2018

သာသနအမွေ ခံယူရာဝယ် ၂



ကြုံခဲ့ဖူးသောသားရှင်ပြုအလှူရှင်များ

ကိုနိုင် ။ ။ ဒီနှစ် နွေရောက်ရင် သားကလေးကို ရှင်ပြုချင်လို့၊ ဆရာတော့်
သြ၀ါဒကို နာခံမလို့ လာကြတာပါ ဘုရား။
အရှင် ။ ။ ကောင်းတယ် ကိုနိုင်ရေ၊ အတွေ့အကြုံလေးတွေ ပြောရတာပေါ့။ ဦးဇင်းတို့ကျောင်းထိုင်ခဲ့တဲ့ သက်တမ်းတစ်လျှောက် သားရှင်ပြု အလှူလုပ်သူ အမျိုးမျိုး ကြုံခဲ့ရဖူးတယ်။ အဲဒီလူတွေကို အုပ်စုခွဲ ကြည့်ရင် -
(၁) ကိုယ့်အတိုင်းအတာထက် များစွာကြီးကျယ်ချဲ့ကားပြီး လှူတဲ့သူ။ (၂) ကိုယ့်အတိုင်းအတာအောက် များစွာလျှော့ပေါ့ပြီး လှူတဲ့သူ။ (၃) ကိုယ့်အတိုင်းအတာနှင့်ကိုယ် သင့်တင့်လျောက်ပတ်စွာ လှူ တတ်တဲ့သူ ... ဆိုပြီး သုံးအုပ်စု တွေ့နိုင်တာပေါ့။
ကိုနိုင် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ရလာဒ်ကတော့ ...
အုပ်စု (၁)၀င် အလှူရှင်တွေဟာ ကြွေးတင်တတ်တယ်၊ အကူ မျှော်တတ်တယ်။ အမှတ်ရစရာ အလှူပွဲမျိုးဖြစ်ခဲ့ကောင်း ဖြစ်ခဲ့ မှာ မှန်ပေမယ့်၊ နေရာတကာ ကြွားဝါလိုစိတ်လွှမ်းမိုးခံနေရတဲ့ အတွက် မြှောက်စားပင့်စား လုပ်တတ်တဲ့သူတွေ၊ မခံချင်အောင် ပြောဆို နှိုက်ထုတ်တတ်သူတွေရဲ့ နှိပ်စက်မှုကြောင့် စိတ်ချမ်း သာရတဲ့ အလှူမျိုး၊ စိတ်ကျေနပ်ရတဲ့ အလှူမျိုး ဖြစ်ဖို့ကတော့ အတော်ခဲယဉ်းလွန်းတာကို တွေ့ရတယ်။
ကိုနိုင် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ အုပ်စု(၂)၀င် အလှူရှင်တွေကတော့ ကြွေးမတင်တတ်ဘူး။ အကူ မျှော်တတ်တဲ့သူလည်းရှိ မမျှော်တတ်တဲ့သူတွေလည်း ရှိတယ်။ အမှတ်ရစရာ အလှူပွဲမျိုး ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့မှာ မှန်ပေမယ့်၊ နေရာတကာ တွန့်တိုစေးနဲနေတတ်တဲ့အတွက် ၀ိုင်းဝန်းကူညီ ကြသူတွေရဲ့ ငြိုငြင်ခံရမှု၊ မခံချင်အောင် ပြောဆိုခံရမှု၊ အစစ အရာရာ မလောက်မငှမှုတွေ ဖြစ်ပေါ်တတ်တဲ့အတွက် စိတ်ချမ်း သာရတဲ့ အလှူမျိုး၊ စိတ်ကျေနပ်ရသည့် အလှူမျိုး ဖြစ်ဖို့ကတော့ အတော်ခဲယဉ်းလွန်းတာကို တွေ့ရတယ်။
ကိုနိုင် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ အုပ်စု (၃)၀င် အလှူရှင်တွေကတော့ ကြွေးမတင်တဘ်၊ အကူ မမျှော်တတ်။ ကိုယ့်အတိုင်းအတာနဲ့ကိုယ် လျောက်ပတ်အောင် လှူဒါန်းတတ်တဲ့အတွက် အမှတ်ရစရာ အလှူပွဲမျိုးလည်း ဖြစ် တတ်တဲ့အပြင်၊ ၀ိုင်းဝန်းကူညီကြသူတွေရဲ့ အားတက်သရော ထောက်ခံကူညီမှုကိုလည်း ရရှိတတ်တဲ့အတွက် စိတ်ချမ်းသာရတဲ့ အလှူမျိုး၊ စိတ်ကျေနပ်ရတဲ့အလှူမျိုးဖြစ်တတ်ကြတာကို တွေ့ရတယ်။
ကိုနိုင် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ အဲဒီတော့ ကိုနိုင်တို့၊ မလှတို့က ဘယ်လို အလှူရှင်မျိုး ဖြစ်ကြ မလဲ။ ကိုယ့်ဘာသာ စဉ်းစားကြပေါ့။
ကိုနိုင် ။ ။ တင်ပါ။ တပည့်တော်တို့လည်း အကူမမျှော်ပါဘူး ဘုရား။ ကြွေး တင်အောင်လည်း မလှူ၊ ကုတ်ကပ်ပြီးတော့လည်း မလှူ၊ ကိုယ့် အတိုင်းအတာနဲ့ကိုယ် လျောက်ပတ်အောင်လှူဒါန်းတတ်တဲ့ နံပါတ် (၃)အလှူရှင်မျိုးဖြစ်အောင် ကြိုးစားပါ့မယ် ဘုရား။
အရှင် ။ ။ သာဓု သာဓု သာဓုပါ ကိုနိုင်ရေ။ ကျန်းမာချမ်းသာစွာနဲ့ ရည်မှန်း
ထားတဲ့အတိုင်း အထမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေ။
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၄/၀၁/၂၀၁၃
Previous Post
Next Post

About Author

0 comments: