Wednesday, February 28, 2018

လူကြီးလူကောင်းဆန်ပါစေ၊ အဆင်ပြေအောင်နေပါလေ


ကိုယ်အဆင်ပြေနေတဲ့အခါ အဆင်မပြေဖြစ်နေသူတွေကို နှစ်သိမ့် ပေးဖို့ လွယ်ပါတယ်။ ကိုယ်က အနိုင်ရနေတဲ့အခါ ရှုံးနိမ့်သူတွေကို နှစ် သိမ့်ပေးဖို့ လွယ်ပါတယ်။ ဆိုလိုတာက ကိုယ်က အသာစီးရနေတဲ့အခါ လူကြီးလူကောင်းဆန်ပြဖို့ဆိုတာ အင်မတန် လွယ်ကူတဲ့အလုပ်ပါ။
နည်းနည်း ချဲ့ရေးရရင် ကိုယ်က လူ့ဘ၀ကို ရောက်နေတဲ့အခါ တိရစ္ဆာန်လေးတွေအပေါ် လူကြီးလူကောင်းဆန်နိုင်ဖို့ လွယ်ပါတယ်။ ကိုယ်က လုပ်ပိုင်ခွင့်ရှိနေတဲ့အခါ လုပ်ပိုင်ခွင့်မရှိသူတွေအပေါ် လူကြီး လူကောင်းဆန်နိုင်ဖို့ လွယ်ပါတယ်။ ကိုယ်က ပြောအားရှိတဲ့အခါ ပြော အားမရှိသူတွေအပေါ် လူကြီးလူကောင်းဆန်နိုင်ဖို့ လွယ်ပါတယ်။
အသာစီးရနေတဲ့အခါတောင် လူကြီးလူကောင်း မဆန်တတ်ရင် အသာစီး မရတဲ့အခါ လူကြီးလူကောင်းဆန်နိုင်တတ်ဖို့ဆိုတာ မလွယ် တော့ပါဘူး။ အဆင်ပြေနေတဲ့အခါတောင် အဆင်ပြေအောင် မနေတတ်ရင် အဆင်မပြေတဲ့အခါ အဆင်ပြေအောင်နေတတ်ဖို့ဆိုတာ မဖြစ်နိုင်တော့
ပါဘူး။
တကယ်တော့ အဆင်မပြေဘူးဆိုတာလည်း (များသောအား ဖြင့်) ကိုယ့်အနေအထားကို ကိုယ်မကျေနပ်တဲ့အခါ ဖြစ်လာတတ်တဲ့ စိတ် ခံစားမှုတစ်မျိုးရယ်သာပါ။ အဆင်ပြေတယ်ဆိုတာလည်း ကိုယ့်အနေ အထားကို ကိုယ်ကျေနပ်နှစ်သိမ့်မိတဲ့အခါ ဖြစ်လာတတ်တဲ့ စိတ်ခံစားမှု တစ်မျိုးရယ်သာပါ
တကယ်ဖြစ်သင့်တာက အဆင်မပြေဘူးထင်တဲ့အခါ ပတ်ဝန်း ကျင်ကို မကျေမနပ်ဖြစ်နေမယ့်အစား၊ အရွဲ့တိုက်နေမယ့်အစား၊ မှိုင်တွေ ငေးမောစိတ်ဓာတ်ကျနေမယ့်အစား နှစ်ဦးနှစ်ဘက် အန္တရာယ်အကင်း ဆုံးနဲ့ အဖြစ်နိုင်ဆုံးထွက်ပေါက်ကိုသာ ကြိုးစားရှာဖွေသင့်ကြပါတယ်။ အဆင်ပြေတယ်ထင်တဲ့အခါမှာလည်း အတိုင်းထက်အလွန် အောင်ပွဲခံနေ ဖို့ထက် ရှုံးနိမ့်သူတွေကိုနှိပ်ကွပ်နေဖို့ထက်၊ အတတ်နိုင်ဆုံးဖေးမနှစ်သိမ့် မှုပေးပြီး ကိုယ်ကိုယ်တိုင်လည်း အဖြစ်နိုင်ဆုံး၊ အကောင်းဆုံး ဆက်လက် ကြိုးစား သွားကြရမှာသာ ဖြစ်ပါတယ်။
ဖေးမမှု၊ စာနာနားလည်မှု၊ ခွင့်လွှတ်မှု၊ ကျေအေးမှု၊ ကူညီ မှုဆိုတာတွေဟာ စာအုပ်တွေထဲမှာသာ ရေးမှတ်ထားသင့်တဲ့အရာမျိုး တွေ မဟုတ်ပါဘူး။ သြ၀ါဒစကားအနေနဲ့ အခမ်းအနားတွေမှာသာ
မြွက်ကြားသင့်တဲ့အရာတွေမဟုတ်ပါဘူး။နေ့စဉ်လူမှုဘ၀မှာပါအကောင်း
ဆုံး အသုံးချသင့်ကြတဲ့အရာမျိုးတွေ ဖြစ်ပါတယ်။ အစစအရာရာ ပြိုင် ဆိုင်မှုတွေပြင်းထန်လွန်းလှတဲ့ ဒီနေ့ခေတ်မှာ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေ အဆင်တပြေနေထိုင်သွားနိုင်ကြဖို့အတွက် အခြေအနေကောင်း ကောင်း ပတ်ဝန်းကျင်ကောင်းကောင်းကို ရှာဖွေဖို့လည်း လိုအပ်သလို၊ မိမိကိုယ်ကိုပြုပြင်ရင်း ပတ်ဝန်းကျင်ကောင်းအခြေအနေကောင်းတွေကို (ကိုယ့်အတိုင်းအတာနဲ့ကိုယ်)အတတ်နိုင်ဆုံးဖန်တီးယူတတ်ကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၂၄/၁၂/၂၀၁၃

Previous Post
Next Post

About Author

0 comments: