Tuesday, February 27, 2018

လူ့ပြည် လူ့ရွာ ဘ၀ပဒေသာ



''ယခုအခါ လူ့အဖြစ်ကို ရခဲ့သည်ရှိသော် အဘယ်သို့သော အကျိုးအာနိသံသ အနန္တတို့ကို ရယူနိုင်ကြလေသနည်း''၏ အဖြေကို ပြဆိုပေအံ့။
နတ်ပြည်ခြောက်ထပ် နတ်မင်း, သိကြားမင်းတို့၏ အသက်ခန္ဓာ စည်းစိမ်ချမ်းသာတို့သည် လူ့ပြည်မှာ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ် အခါ၌ မိမိတို့ စိတ်နှလုံးထဲဝယ် နတ်မျိုး, သိကြားမျိုးကို စိုက်ပျိုးမွေးမြူမှ နောက်နောက်ဘ၀တို့၌ နတ်ပြည်ခြောက်ထပ်မှာ နတ်အဖြစ်ကို သိကြား အဖြစ်ကို ရနိုင်ကြကုန်၏။
 ဗြဟ္မာပြည်နှစ်ဆယ်၌ ဗြဟ္မာမင်းတို့၏ အသက်ခန္ခာ ဘုန်းတန်ခိုး
ဣဒ္ဓိပါဒ် ချမ်းသာတို့သည်လည်း လူ့ပြည်မှာ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ်အခါ၌ မိမိတို့ စိတ်နှလုံးထဲမှာ ဗြဟ္မာမျိုးတို့ကို စိုက်ပျိုးမွေးမြူမူ နောက်ဘ၀၌ ထိုထိုဗြဟ္မာမင်းအဖြစ်ကို ရနိုင်ကြကုန်၏။
လူပြည် သူဌေး, သြွူကယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္ဓတ် အသက်ခန္ဓာစည်းစိမ် ချမ်းသာတို့သည်လည်း လူ့ပြည်၌ အမြစ်စိုက်ကြ ကုန်၏၊ လူဖြစ်စဉ်အခါ၌ မိမိတို့ စိတ်နှလုံးထဲ၌ သူဌေးမျိုး သူကြွယ်မျိုး, ပဒေသရာဇ်မျိုး, ဧကရာဇ်မျိုး, စကြာမန္ဓာတ်မျိုးတို့ကို စိုက်ပျိုးမွေးမြူကြမှ နောက်နောက်ဘ၀၌ သူဌေးအဖြစ်, သူကြွယ်အဖြစ်,ပဒေသရာဇ်,ဧကရာဇ်, စကြာမန္ဓာတ်အဖြစ်ကို ရနိုင်ကြကုန်၏။
အနမတဂ္ဂ သံသရာ၌ သံသရာဝဋ်မှ ကျွတ်လွတ်၍ သာဝက ဗောဓိရှင် ပစ္စေကဗောဓိရှင် သဗ္ဗညုဗောဓိရှင် ဖြစ်ကြပေကုန်သော လူ, နတ်, ဗြဟ္မာ အရိယာသူမြတ် ပရမတ် ၀ိဇ္ဇာဓိုရ် ပုဂ္ဂိုလ်ကျော် အပေါင်း တို့သည်လည်း လူ့ပြည်၌ အမြစ်စိုက်ကြကုန်၏၊ လူဖြစ်စဉ်အခါ မိမိတို့ စိတ်နှလုံးထဲ၌ ထိုထိုဗောဓိမျိုးတို့ကို စိုက်ပျိုးမွေးမြူကြမှ ထိုထို အရိယာ သူမြတ် ပရမတ် ၀ိဇ္ဇာဓိုရ် ပုဂ္ဂိုလ်ကျော်အဖြစ်သို့ ရောက်နိုင်ကြကုန်၏။ ထို့ကြောင့် ဤလူ့ပြည် လူ့ရွာသည် ဘ၀ပဒေသာပင်ကြီး မည်၏၊
လူ, နတ်, ဗြဟ္မာ လောကီ လောကုတ္တရာချမ်းသာ ခပ်သိမ်းတို့သည် လူ့ပြည် လူ့ရွာ ဘ၀ပဒေသာပင်ကြီးမှ ထွက်သော အသီးအရွက် အကိုင်း အခက်တို့သာတည်း။
လူ့ဘ၀၌မူကား ဘ၀သမ္ပတ္တိ, ဘောဂသမ္ပတ္တိ နှစ်ပါးရှိ၏၊ လူ့ရုပ်, လူ့နာမ်, လူ့ခန္ဓာစုသည် ဘ၀သမ္ပတ္တိ မည်၏၊ သား, မယားနှင့် စီးပွါးဥစ္စာ, လယ် ယာ, မိုးမြေ, ရွှေ, ငွေ, ရတနာ ပြည်ရွှာ, တိုင်းကား အစရှိသည်ဟု

ဆိုအပ်သော သူဌေး, သြွူကယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္တာတ် စည်းစိမ်ချမ်းသာတို့သည် ဘောဂသမ္ပတ္တိမည်၏၊ ထိုနှစ်ပါးတို့တွင် ဘ၀သမ္ပတ္တိကို ခင်မင်ကြကုန်သော သူတို့သည် ဘောဂသမ္ပတ္တိကို အဆုံး ခံကြရကုန်၏၊ ဘောဂသမ္ပတ္တိကို ခင်မင်သော သူတို့သည် ဘ၀သမ္ပတ္တိကို အဆုံးအရှုံး ခံကြရကုန်၏။
အဘယ်သို့လျှင် ဘ၀သမ္ပတ္တိကို ခင်မင်ကြကုန်သော သူတို့သည် ဘောဂသမ္ပတ္တိကို အဆုံးခံကြရကုန်သနည်းဟူမူကား- အကြင်ပညာရှိ အပေါင်း သူတော်ကောင်းတို့သည် ပြဆိုခဲ့ပြီးသော နည်းအားဖြင့် လူအဖြစ်၏ ရခဲမှုကို သိမြင်ကုန်၏၊ ဤသံသရာဝဋ်ကြီး၏ အလွန် ကြောက်မက်ဖွယ် ကြီးကျယ်မှုကို သိမြင်ကုန်၏၊ လူ့ဘ၀၏ ပဒေသာပင် ကြီးဖြစ်ကြောင်းကိုလည်း သိမြင်ကြကုန်၏။
ထိုပညာရှိအပေါင်း သူတော်ကောင်းတို့အား ငါတို့သည် ယခုရရှိ ၍နေသော သူဌေး, သြွူကယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္တာတ် စည်းစိမ်ချမ်းသာကို အထွဋ်အမြတ် ထင်မြင် ခင်တွယ်မက်မော၍ နေ့,
ရက်, နှစ်, လ, ကုန်လွန်ကြကုန်သည်ရှိသော် အလွန်ရခဲစွာလှ ရရှိ၍နေကြ သော ဤလူ့ဘ၀, လူ့ခန္ဓာ ပဒေသာပင်ကြီးသည်  အညွန့်မပေါက် အခက်မပေါက် မတ်တတ်သေ, မတ်တတ်ခြောက် ကွယ်ပျောက်ဆုံးရှုံး၍ သွားလေရာ၏၊ ယခုရရှိသော ဘောဂသမ္ပတ္တိကို စွန့်လွှတ်၍ ယခုရရှိ သော ဘ၀ပဒေသာပင်ကြီးကို တစ်နေ့တစ်ခြား ပွါးစီးစည်ပင်လေအောင် ပျိုးထောင်ပြုစုလျက် နေ့, ရက်, နှစ်, လ, ကုန်လွန်ကြကုန်သည်ရှိသော် ငါတို့ယခုရရှိသော ဘ၀သမ္ပတ္တိ,  ဘောဂသမ္ပတ္တိမျိုးတို့ကို နောင်ဘ၀ တစ်ထောင်မက, ဘ၀တစ်သောင်းမက ရကြကုန်လတ္တံ့၊ ဤမျှမကသော နတ်မင်းစည်းစိမ်, သိကြားမင်းစည်းစိမ်တို့ကိုလည်း နောင်ဘဝ

တစ်ထောင်မက, ဘ၀တစ်သောင်းမက, ရကြကုန်လတ္တံ့။
ဤမျှမကသော မဟာကမ္ဘာများစွာ သက်ရှည်ချမ်းသာ စည်ပင် လှသော ဗြဟ္မာမင်း စည်းစိမ်ကိုလည်း ရကြကုန်လတ္တံ့။
ဤမျှမက မြင့်မြတ်လှသော သာဝကဗောဓိညာဏ်, ပစ္စေကဗောဓိ ညာဏ်, သမ္မာသမ္ဗောဓိညာဏ်ကိုလည်း ရကြကုန်လတ္တံ့-ဟု မြော်မြင်မိကြ ကုန်၏၊ ထိုပညာရှိသူတော်ကောင်း အပေါင်းတို့သည် ထိုသို့ မြော်မြင် မိကြသောအခါမှစ၍ နေ့ ရက်, နှစ်, လ, ကို များစွာအကုန် မခံကြ ကုန်မူ၍- အခိျု့သောသူတို့သည် မိမိလက်ရှိဖြစ်သော သူဌေး, သြွူကယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္တာတ် စည်းစိမ် ချမ်းသာတို့ကို တံတွေး ပေါက်ကဲ့သို့ မငဲ့မကွက် ရက်ရက်စွန့်ပစ်၍ ရသေ့ ရဟန်းအဖြစ်နှင့် တောထွက်ကြလေကုန်၏။
အခိျု့သောသူတို့သည် ပကတိသော လူ့အဖြစ်၌ တည်ကြ ကုန်၍ နိစ္စအာဇီဝဋ္ဌမကသီလ, ဥပေါသထသီလတို့ကို ခိုင်မြဲစွာ အားထုတ်၍ လက်ရှိစည်းစိမ်ချမ်းသာတို့ကို ခင်တွယ်မက်မောခြင်း မရှိကြကုန် ဘိသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အား တွင်တွင်ပေးကမ်း လှူဒါန်းစွန့်ကြဲ၍ နေ့, ရက်, လ, နှစ်ကို ကုန်လွန်စေကြကုန်၏၊ ဤသို့လျှင် ဘ၀သမ္ပတ္တိကို ခင်မင်ကြကုန်သောသူတို့သည် ဘောဂသမ္ပတ္တိကို အဆုံးအရှူုံး ခံကြ ကုန်၏။
အဘယ်သို့လျှင် ဘောဂသမ္ပတ္တိကို ခင်မင်ကြကုန်သော သူတို့ သည် ဘ၀သမ္ပတ္တိကို အဆုံးအရှုံး ခံကြရကုန်သနည်းဟူမူကား- အကြင် သူတို့အား လူအဖြစ် ရခဲမှုကိုလည်းကောင်း၊ သံသရာဘေးဘယကို လည်းကောင်း၊ ဘ၀ပဒေသာပင်ကြီး၏ အခြင်းအရာကိုလည်းကောင်း ကောင်းကောင်း မြော်မြင်နိုင်သော ညာဏ်ပညာကား မရှိ၊ ညာဏ်မျက်စေ့မပေါက်၊ ထိုသူတို့သည် ယခုဘ၀ရရှိကြသော ဘောဂသမ္ပတ္တိတို့ကို ထိန်းသိမ်းစောင့်ရှောက်မှု ပွါးများအောင် ကြံဆောင်မှု, ခံစားမှု, စံစားမှု တို့နှင့်သာ နေ့, ရက်, နှစ်, လကို ကုန်လွန်စေရာ၏၊ ထိုအမှုတွေ တန်းလန်း နှင့်ပင် သေဆုံးကြရကုန်၏၊ ထိုသူတို့အား လူ့ဘ၀, လူ့ခန္ဓာ ပဒေသာပင် ကြီးသည် အညွန့်မပေါက် အခက်မပေါက် မတ်တတ်ခြောက် မတ်တတ် သေ ဆုံးရှုံး၍ သွားလေကုန်၏၊ ဤသို့လျှင် ဘောဂသမ္ပတ္တိကို ခင်မင် ကြကုန်သော သူတို့သည် ဘ၀သမ္ပတ္တိကို အဆုံးအရှုံးခံကြရကုန်၏။
ဘ၀ကို အလေးပြုကြကုန်သော သူတို့သည် ဒါန, သီလ, ဗဟုဿုတဓမ္မ အစီးအပွားတို့ကို အလေးပြုကြကုန်၏၊ ဘောဂကို အလေးပြုကြကုန်သော သူတို့သည် လောကီစီးပွားကို အလေးပြုကြ ကုန်၏။
- ဓမ္မစီးပွား၌ စိတ်များ၍ လောကီစီးပွား၌ စိတ်နည်းသော သူ,
- လောကီစီးပွား၌ စိတ်များ၍ ဓမ္မစီးပွား၌ စိတ်နည်းသော သူ,
- စီးပွားနှစ်ဖက်၌ စိတ်ထက်ဝက်စီရှိသော သူ,
- စီးပွားနှစ်ပါးမှ အလွတ်ဖြစ်၍ အကျိုးမရှိသော အလေ့အကျင့်
နှင့် နေ့, ရက်, နှစ်, လကို ကုန်စေသော သူ- ဟူ၍ လူလေးမျိုး ရှိကြကုန်၏။
ယခုအခါ၌မူကား စီးပွားနှစ်ဖက်၌ စိတ်ထက်ဝက်စီ ရှိပေလျှင် ပင် ချီးမွမ်းလောက်လှပေပြီ၊ ဓမ္မစီးပွား၌ စိတ်များသူကိုကား ဆိုဖွယ်မရှိ၊ လောကီစီးပွား၌ စိတ်များသူသည်ကား မနုဿတ္တဒုလ္လဘကို အမြင်နည်း လှသေးသောသူပေတည်း၊ စီးပွားနှစ်ဖက်မှ အလွတ်ဖြစ်သော သူသည် ကား လောကမျက်စေ့, ဓမ္မမျက်စေ့ နှစ်ဖက်ကန်းမည်၏၊ ဒုစရိုက်၌ လေ့ကျက်ကုန်သော သူတို့မူကား လူအရေအတွက်၌ မသွင်းရကုန် ဤသို့လည်း သိကြကုန်ရာ၏။
ဘုရားလက်ထက်တော်၌လည်းကောင်း၊ ဇာတ်တော် နိပါတ် တော်တို့၌ လည်းကောင်း၊ သူဌေး, သူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, ထီးနန်းစည်းစိမ်တို့ကို တံတွေးပေါက်ကဲ့သို့ စွန့်ပစ်၍ တစ်အိမ်လုံး, တစ်ရွာလုံး, တစ်မြို့လုံး, တစ်ပြည်ထောင်လုံး တောထွက်ကြကုန်သော သူတို့သည် မနုဿတ္တဒုလ္လဘကို ကောင်းကောင်း သိကြကုန်သော သူတို့ပေတည်း။
လယ်တီဆရာတော်ကြီး၏ ကမ္မဋ္ဌာန ဒီပနီမှ ကူးယူဖော်ပြပါသည်။
Previous Post
Next Post

About Author

0 comments: