Tuesday, February 27, 2018

တောင်းသူနှင့် ပေးသူ သတိမူ


တောင်းသူနှင့်   ပေးသူ


  ယာစကော အပ္ပိယော ဟောတိ။ (တောင်းတဲ့သူဟာ အမုန်းခံရတတ်တယ်)
  ယာစံ အဒဒမပ္ပိယော။
(တောင်းပါလျက်နဲ့ မပေးတဲ့သူဟာလည်း အမုန်းခံရတတ်တယ်)
  ပေးနိုင်လောက်သောပစ္စည်း၊ ပေးနိုင်လောက်သော စေတနာ ရှိ-မရှိ
ကြည့်ပြီး တောင်းသင့်မှတောင်း၊ အမုန်းခံရတတ်တယ်။
(ဒါက လွယ်တယ်။ မတောင်းဘဲ နေလိုက်ရုံပဲ။ အမုန်းခံရတဲ့ဘေးက လွတ်နိုင်တယ်။)
  ကိုယ့်ဆီမှာ တစ်ယောက်ယောက်က တစ်ခုခု လာတောင်းရင် ပေးနိုင်
က ကောင်းတယ်။ မပေးနိုင်ရင် မကောင်း။ အမုန်းခံရတတ်တယ်။ (ဒါက နည်းနည်းခက်တယ်။ မပေးဘဲ နေလိုက်ရုံနဲ့ အမုန်းခံရမယ့် ဘေးက မလွတ်နိုင်တော့ဘူး။)


ကဆုန်လပြည့်ကျော်လို့ နယုန်လသို့ယွန်းလာတဲ့အချိန်ဟာ မြန်မာ ပြည်က စာသင်တိုက်ကြီးငယ်တွေ ပြန်လည်အသက်ဝင်လာတဲ့အချိန် ဖြစ်ပါတယ်။ စာသင်သားဟောင်းတွေ ဟိုနယ်ဒီနယ်ြွကကြရာကနေ မူလစာသင်တိုက်သို့ ပြန်လည်ဝင်ရောက်လာနေကြသလို၊ ဒီစာသင်တိုက် ကနေ ဟိုစာသင်တိုက်သို့ ပြောင်းရွှေ့ဝင်ရောက်ကြတဲ့ ကာလလည်း
 ဖြစ်ပါတယ်။ နေရာအသစ်၊ ကျောင်းတိုက်အသစ်တစ်ခုသို့ ပြောင်းရွှေ့ ပြီဆိုတာနဲ့ ဆွမ်းခံအိမ်အသစ်ဖိတ်ရတဲ့ဒုက္ခကလည်း ထိုစာသင်သား ကလေးနဲ့အတူ မခွဲမခွာလိုက်ပါလာမြဲ ဖြစ်ပါတယ်။
'ဒကာကြီးတို့အိမ်ကို ဆွမ်းခြွံကလို့ရမလား၊ ဒကာမကြီးတို့အိမ် ကို ဆွမ်းခြွံကလို့ရမလား' ဆိုပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် မျက်နှာပူပူ နဲ့ လိုက်မေးရတဲ့ဒုက္ခကို စာသင်သားတွေမှသာ ကိုယ်ချင်းစာနိုင်ကြပါ လိမ့်မယ်။
ထို့အတူပဲ မိမိတို့အိမ်မှာ လက်ခံနိုင်တဲ့ သံဃာအရေအတွက် ပြည့်မီသွားပြီးတဲ့နောက်၊ နောက်ထပ် နောက်ထပ် ဆွမ်းခံအိမ်လာလာ ဖိတ်ကြတဲ့ ရဟန်းသာမဏေလေးတွေကို 'တပည့်တော်တို့ အိမ်မှာ ဘယ် နှပါးရှိသွားလို့ပါဘုရား' စသဖြင့် အားတုံ့အားနာနဲ့ ငြင်းပယ်ရတဲ့ ဒုက္ခ ကိုလည်း သဒ္ဓါတရားရှိသူ ဒကာ-ဒကာမတွေသာ ကိုယ်ချင်းစာနိုင် ကြပါလိမ့်မယ်။
သာသနာဆိုတာ ဘာမှန်းလည်းမသိ၊ စာပေလည်းမသင်၊ တရား လည်း အားမထုတ် (ဂန္ထဓုရ၊ ၀ိပဿနာဓုရ ဘာတစ်ခုမျှ မလုပ်ကြဘဲ) အချောင်နေ အချောင်စား အမည်ခံရဟန်းများနဲ့ သာသနာဆိုတာ ဘာမှန်းလည်းမသိ၊ ဆွမ်းလေးတစ်ဇွန်းတောင် လောင်းဖော်မရကြတဲ့ အမည်ခံဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကတော့ ဒီလိုဒုက္ခတွေကို ကိုယ်ချင်း စာချင်မှစာနိုင်ကြပေလိမ့်မယ်။
ဒကာမကြီးတစ်ယောက်က တစ်ခါက ပြောဖူးတယ်။ ''ဖိနပ်ပြတ် သွားလို့ ဖိနပ်ကလေး တရံဖိုးလောက်လှူပါဦး' ဆိုပြီး ဖိနပ်အပြတ် ကလေးကိုပြပြီး အလှူခံလာတဲ့ဘုန်းကြီးတစ်ပါးကို ဖိနပ်ဖိုးလှူလိုက်တဲ့ အကြောင်း၊ ကြားမှာ ၃ ရက်လောက်ပဲခြားပြီး နောက်တစ်နေရာမှာ အဲသလိုပဲ ဖိနပ်ပြတ်ကလေးကိုပြ အလှူခံနေတဲ့ အဲဒီဘုန်းကြီးကို ထပ် တွေ့ရကြောင်း၊ အဲဒီမှာ စေတနာ သဒ္ဓါတရားတွေ ပျက်သွားကြောင်း'' ခံစားချက်အပြည့်နဲ့ ပြောပြဖူးပါတယ်။
စာရေးသူကလည်း ''အဲသလို ပုဂ္ဂိုလ်တွေဟာ အချောင်နေ အချောင်စားသက်သက်သာဖြစ်ကြောင်း၊ တကယ် စာသင်စာချ တရား ဟော၊ တရားပြ သာသနာ့တာဝန်ထမ်းဆောင်နေတဲ့ ဘယ်ဦးဇင်း၊ ဘယ်ကိုရင်မှ တကယ်လိုအပ်တာထက်ပိုပြီး အဲသလို အရှက်မရှိ အလှူမခံကြောင်း၊ တန်ဖိုးမရှိတဲ့ ကျောက်ခဲသလဲများ အတုမပေါ်
ပေမယ့် တန်ဖိုးရှိတဲ့ စိန်တို့၊ ရွှေတို့ကျတော့ အတုပေါ်တတ်တဲ့ အကြောင်း၊ သံဃာဆိုတာလည်း ရတနာထိုက်တဲ့ ရတနာတစ်ပါးမို့ အတုပေါ်တာဖြစ်ကြောင်း၊ အတုတွေနဲ့တိုးမိလို့ မိမိတို့ စေတနာ သဒ္ဓါတရားကို မပျက်စီးစေသင့်ကြောင်း၊ အတုအစစ် ခွဲခြားနိုင်တဲ့ ဉာဏ်ပညာဗဟုသုတမျိုး ရှိအောင်သာ ကြိုးစားရမှာဖြစ်ကြောင်း'' အကျယ်တ၀င့်ဆွေးနွေးပြခဲ့ရပါတယ်။ အဲဒီဒကာမကြီးလည်း 'သံသယ တွေ ရှင်းသွားပါပြီ ဘုရား' ဆိုပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ပြီး လျှောက် ထားပါတယ်။ မှန်ပါတယ်။
ဖ အရှက်မရှိသူတွေဟာ တဘက်လူမုန်းမှာကို မရှက်ရွံ့ဘဲ ဇွတ်တရွတ်
တောင်းရမ်းတတ်ကြသော်လည်း အရှက်ရှိတဲ့ သူတွေကတော့ ပေး နိုင်လောက်သောပစ္စည်း / ပေးနိုင်လောက်သော စေတနာ ရှိ-မရှိ ကြည့်ပြီး မျှတရုံလောက်သာ အလှူခံတတ်၊ တောင်းရမ်းတတ်ကြ ပါတယ်။
ဖ စေတနာ သဒ္ဓါတရား မရှိသူတွေဟာ ပေးနိုင်လောက်တာမျိုးဖြစ်ရင်
လည်း မပေးလှူ၊ မပေးလှူနိုင်တာမျိုးကိုလည်း မပေးလှူတတ် ကြသော်လည်း၊ စေတနာ သဒ္ဓါတရားရှိသူတွေကတော့ သူတို့ပေး လှူနိုင်တာမျိုးဖြစ်ရင် ကြည်ကြည်ဖြူဖြူ ပေးလှူတတ်ကြသလို၊ သူတို့အတွက် ပေးလှူဖို့ အခက်အခဲရှိတာမျိုး ဖြစ်ခဲ့ရင်တောင်မှ အလှူခံပုဂ္ဂိုလ်ရဲ့ သီလဂုဏ်၊ ရှက်ရွံ့တတ်တဲ့ ဟီရိ-သြတ္တပဂုဏ်ကို ကြည့်ပြီး 'အော၊ သူ့ခမျာ တကယ်လိုလို့သာအလှူခံရှာတာ' ဆိုပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ ကြိုးစားတတ်ကြပါတယ်။ မှန်ပါ တယ်။ ခက်ခက်ခဲခဲ စွန့်လွှတ်လှူဒါန်းရတဲ့ ဒါနကို ဒုက္ကရဒါန၊ လွယ်လင့်တကူ လှူဒါန်းနိုင်ကြတာမျိုးကိုတော့ သုကရဒါန၊ အလွယ်တကူ လှူဒါန်းနိုင်တာမျိုးကိုသော်မှ မလှူနိုင်ကြရင်ဖြင့် မစ္ဆ္ဆ္ဆ္ဆ္ဆ္ဆရ္ဆ္ဆ္ဆ္ဆရိယလို့ ခေါ်ဆိုပါတယ်။
လိုရင်းကို ချုပ်ရရင် အလှူခံပုဂ္ဂိုလ်တွေဘက်က တကယ်လိုအပ် လို့ အလှူခံတဲ့အခါ အလှူရှင်တွေရဲ့ စေတနာ သဒ္ဓါတရားကို မပျက် စီးစေရအောင် သတိထားကြဖို့ လိုအပ်သလို အလှူပေးသူတွေဖက် ကလည်း ကိုယ့်အတွက် ရေတိုရေရှည်လည်း မထိခိုက်၊ အလှူခံပုဂ္ဂိုလ် တွေအတွက်လည်း တကယ် အဆင်ပြေသွားစေမယ့် အလှူမျိုးကိုတွန့်တိုခြင်း မရှိဘဲ ပေးလှူသွားနိုင်ကြဖို့ ကြိုးစားကြည့်သင့်ကြပါတယ်။ အလှူခံနဲ့ အလှူပေး ဦးတည်ချက်မှန်မှန်ဖြင့် လောကကောင်းကျိုး သာသနာတော်ကောင်းကျိုးကို သယ်ပိုးတော်မူနိုင်ကြပါစေ။



တောင်းသင့်မှတောင်း ၊ ပိုမတောင်း ၊ သူတော်ကောင်းသဘော။
သဒ္ဓါခက်ဝေ ၊ မပျက်စေ ၊ စိတ်နေမြင့်မြတ်သော။


လှူသင့်တာလှူ ၊ မငြူစူ ၊ သူတော်ကောင်းသဘော။။
တတ်စွမ်းသောထွေ ၊ ပေးလှူပေ ၊ စိတ်နေမြင့်မြတ်သော။


တောင်းသူပေးသူ ၊ စိတ်ကြည်ဖြူ ၊ ထောက်ကူနိုင်စေသော။
ဘုရားမြတ်စွာ ၊ သာသနာ ၊ ရောင်ဝါနေသို့ လင်းစေသော။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၇/၀၆/၂၀၁၃

Previous Post
Next Post

About Author

0 comments: