Saturday, February 24, 2018

အရှင်ဝိသာရဒ(ရမ္မာဝတီ) ဘာ့ကြောင့်ငြိမ်ငြိမ် ထိုင်ရတယ် စာအုပ်မှ ကူးယူဖော်ပြပါသည်။





ဘာသာဝင်ဦးရေတိုးအောင် သာသနာပြုရမှာ မဟုတ်

တက္ကစီဆရာ ။ ။အရှင်ဘုရားတို့ ရဟန်းသံဃာတွေက ပြည်ပမှာပါ သာသနာ ပြန့်ပွားအောင် ဆောင်ရွက်သင့်ကြပါတယ် ဘုရား။
အရှင် ။ ။သာသနာပြန့်ပွားလာရင် ဘာဖြစ်လာမှာတုန်း ဒကာတော်။ တက္ကစီဆရာ ။ ။သာသနာပြန့်ပွားတော့ ဗုဒ္ဓဘာသာဦးရေတိုးလာမှာပေါ့ဘုရား။
အရှင် ။ ။ဗုဒ္ဓဘာသာဝင်ဦးရေ တိုးလာတော့ ဘာဖြစ်လာမှာတုန်း။
တက္ကစီဆရာ ။ ။အာ၊ အရှင်ဘုရားကလဲ စကားကပ်နေပြန်ပါပြီ၊ ဗုဒ္ဓဘာသာ
ဦးရေတိုးလာတော့ ကောင်းတာပေါ့ဘုရား။
အရှင် ။ ။စကားကပ်တာ မဟုတ်ပါဘူး ဒကာတော်။ ဗုဒ္ဓဘာသာဝင်တွေ က ဗုဒ္ဓဘာသာဦးရေ တိုးလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သာသနာပြန့်ပွားအောင် ဆောင်ရွက်မယ်၊ အခြားဘာသာတွေ ကလည်း သူတို့ဘာသာဝင်တွေတိုးလာအောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ သူတို့ဘာသာပြန့်ပွားအောင် ဆောင်ရွက်မယ်ဆိုရင် ဘာဖြစ်လာမယ် ထင်သလဲ။
တက္ကစီဆရာ ။ ။ အပြိုင်အဆိုင်သာသနာပြုမှုတွေ ဖြစ်လာမှာပေါ့ဘုရား။ ကိုယ့် ဘက်က မညံ့အောင်တော့ ကြိုးစားကြရမှာပေါ့။



အရှင် ။ ။ဟုတ်တယ်။ အဲဒီလို ဘာသာဝင်ဦးရေများလာအောင် သာသနာ ပြုတာကို မစ်ရှင်နရီ(minssionary)လို့ ခေါ်တယ်။ အဲဒီ minssionary နောက်မှာ ပြိုင်ဆိုင်မှုဆိုတာ ရှိလာတော့ တစ်ဘက် ကိုတစ်ဘက် တိုက်ခိုက်ချေမှုန်းမယ့် စစ်တပ်(military)ဆိုတာ
ရှိလာတယ်။ ဒီနေ့ခေတ် ဘာသာရေးအစွန်းရောက် လက်နက် ကိုင်အဖွဲ့တွေဆိုတာ အဲဒီလို ဖြစ်ပေါ်လာကြတာတွေပဲ။
တက္ကစီဆရာ ။ ။ မှန်ပါဘုရား။
အရှင် ။ ။ ဆိုတော့၊ ဘာသာဝင်ဦးရေများလာအောင် သာသနာပြုတယ် ဆိုရင် ဗုဒ္ဓဘာသာဝင်တွေကပဲပြုပြု၊ အခြားဘာသာဝင်တွေကပဲ ပြုပြု ကောင်းတဲ့လက္ခဏာလို့ ဦးဇင်းတို့ မမြင်ဘူး။
တက္ကစီဆရာ ။ ။အဲဒါဆိုရင် ဘယ်လိုလဲဘုရား။
အရှင် ။ ။ကောင်းပြီ၊ သေချာမှတ်ပါ။ သာသနာပြုတယ်ဆိုတာ ဘာသာ
ဝင် ဦးရေများလာအောင်ပြုဖို့ထက် ငြိမ်းချမ်းရေးတရား ထွန်း
ကားလာအောင်သာ ပြုသင့်ကြတယ်လို့ ဦးဇင်းတို့ မြင်တယ်။
တက္ကစီဆရာ ။ ။ တင်ပါ့ဘုရား။
အရှင် ။ ။ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ သာသနာပြုတယ်ဆိုတာ ဘာသာဝင်ဦးရေတိုးပွားလာအောင်ပြုကြတာ မဟုတ်ပါဘူး။ တစ်ဦးချင်းစီအတွက် ပစ္စုပ္ပန်ဘ၀မှာလည်း ငြိမ်းချမ်းအောင်၊ သံသရာဘ၀ခရီးမှာလည်း ငြိမ်းချမ်းအောင်၊ နောက်ဆုံး အဆင့်သံသရာက လွတ်ပြီး တကယ်ကြီး ငြိမ်းချမ်းအောင် သာသာသနာပြုကြတာဖြစ်ပါတယ်။ အဲလို ငြိမ်းချမ်းတာကို
''သန္တိသုခ-ငြိမ်းအေးတဲ့ချမ်းသာ''လို့ ခေါ်ဆိုတယ်။
တက္ကစီဆရာ ။ ။မှန်ပါ့ဘုရား။
အရှင် ။ ။အဲဒီတော့ သာသနာပြုရခြင်းရဲ့ရည်ရွယ်ချက်ဟာ ငြိမ်းအေး တဲ့ချမ်းသာ-သန္တိသုခကို မျှဝေဖို့ဆိုတာမျိုးပဲ ဖြစ်သင့်ပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ သာသာသနာပြုကြမယ်ဆိုရင် ဘယ် ဘာသာကပဲပြုပြု ငြိမ်းချမ်းမှုကို ဦးတည်သွားမှာပါပဲ။
တက္ကစီဆရာ ။ ။မှန်ပါ့ဘုရား။
 အရှင် ။ ။ငြိမ်းချမ်းမှုကို ဦးမတည်ဘဲ ဘာသာဝင်ဦးရေများအောင်သာ သာသနာပြုကြမယ်ဆိုရင်ဖြင့် ကိုယ်နဲ့ကိုးကွယ်ရာ မတူသူတွေ ကို တိုက်ခိုက်မှုတွေ၊ ပြန်လည်တွန်းလှန်ကာကွယ်ကြမှုတွေ ဆိုတာတွေဟာ ရှိနေကြဦးမှာပါပဲ။
တက္ကစီဆရာ ။ ။မှန်ပါ့ဘုရား။
အရှင် ။ ။အဲဒီတော့ ဘာသာဝင်ဦးရေ တိုးတက်မှုထက် ငြိမ်းချမ်းမှုတွေ
တိုးတက်လာအောင်သာ သာသနာပြုကြရမှာပါ ဒကာတော်။
တက္ကစီဆရာ ။ ။ မှန်ပါ့၊ တပည့်တော်ပြောချင်တာလည်း အဲဒီအဓိပ္ပါယ်ပါဘုရား။
အရှင်      ။ ။အော် ...၊ အဲဒါဆိုရင် ကောင်းပါတယ် ဒကာတော်။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၄/၀၃/၂၀၁၄
Previous Post
Next Post

About Author

0 comments: