Wednesday, February 28, 2018

သိအောင်လုပ် မြင့်အောင်မြှင့်






ကိုထူး ။ ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အသိအမြင်ချင်း၊ လက်ခံ နိုင်ပုံချင်း မတူကြဘူးဆိုတာ တကယ်ပဲလား ဘုရား။
အရှင် ။ ။ မှန်တယ် ကိုထူး။ တခိျု့က ဓမ္မဆိုရင် ဘာကိုမှ လက်မခံနိုင်ဘူး။
ဒါနအကြောင်းကို ပြောရင် ဟောရင်တောင် လက်ခံနိုင်စွမ်း မရှိဘူး။
တောဒေယျပုဏ္ဏားတို့လိုမျိုးတွေပေါ့။
ကိုထူး ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ တခိျု့က ဒါနတရားတွေကိုတော့ လက်ခံနိုင်စွမ်းရှိတယ်။ သီလ အဆင့်ကို မြှင့်လိုက်ရင် သိပ်မလိုက်ချင်၊ မကြိုက်ချင်တော့ဘူး။
ဒီလိုလူစားမျိုးတွေကိုတော့ ဦးဇင်းတို့ ပတ်ဝန်းကျင်မှာကိုပဲ အများ ကြီးတွေ့နိုင်ပါတယ်။ ငါးပါးသီလပေးတဲ့အခါတွေမှာ သုရာမေရယ သိက္ခာပုဒ်ကိုရောက်ရင် လိုက်မဆိုတဲ့ အလှူရှင်တွေ အများကြီးပဲ တွေ့ဖူးတယ်။
ကိုထူး ။ ။ မှန်ပါတယ် ဘုရား။
အရှင် ။ ။ တခိျု့က သီလအဆင့်လောက်ထိတော့ လိုက်နိုင်သေးတယ်၊ ဘာဝနာ အဆင့်ကို မြှင့်လိုက်ရင် သိပ်မလိုက်ချင်၊ မကြိုက်ချင်တော့ဘူး။ တရားစခန်းတစ်ခုမှာ 'ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လို တော့သည်၊ အသေ မဦးခင် ဉာဏ်ဦးအောင် အားထုတ်ပါတော့မည်' ဆိုတဲ့ စာသားကို လိုက်မဆိုရဲတဲ့ ဒကာမတစ်ယောက်ကို တကယ်ကြုံ ခဲ့ရဖူးတယ်။

ကိုထူး        ။ မှန်ပါ့ဘုရား။
အရှင်        ။ အဲဒီတော့၊ ကိုယ့်အကြိုက်နဲ့ ကိုယ့်စရိုက်၊ ကိုယ်လိုက်နိုင်တာကို
ကိုယ်တိုင်သိအောင်လုပ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ကိုယ့်ကိုယ်ကို မြှင့်
တင်ယူသွားကြရမှာပေါ့။ မလိုက်နိုင်ဘူးဆိုပြီး လက်လျှော့ထားလို့
ကတော့ ဘယ်တော့မှ မြင့်လာနိုင်ကြမှာ မဟုတ်ပေဘူးပေါ့။
ကိုထူး ။ ။ မှန်ပါတယ်ဘုရား။ တပည့်တော်တို့လည်း ကိုယ့်အားနည်းချက်ကို သိအောင်လုပ်ပြီး၊ ကိုယ့်အဆင့်ကို ကိုယ်မြှင့်နိုင်အောင် ကြိုးစားပါ့ မယ် ဘုရား။


ဒါနသီလာ၊ ဘာဝနာ၊ သုံးဖြာစဉ်တိုင်းထား။
သုံးပါးလုံးကို၊ မကြိုက်လို၊ ငြင်းဆို တခိျု့များ။
ဒါနလောက်သာ၊ ပြုချင်ပါ၊ လူ့ရွာ တခိျု့သား။ သီလလောက်ထိ၊ လိုက်နိုင်၏၊ ရှိဘိ တမျိုးစား။ ကိုယ့်အခြေနေ၊ မြှင့်ယူလေ၊ မြှင့်လေ မြင့်မြင့်သွား။ လက်လျှော့နေတုံ၊ မမြင့်ကုန်၊ ဉာဏ်ဟုန်မြင့်မြင့်ထား။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၂/၀၆/၂၀၁၃
Previous Post
Next Post

About Author

0 comments: