ကိုယ့်လမ်းကိုယ်စီ ရွေးကြသည်
အရှင် ။ ။ ဒီဘ၀မှာ မိသားတစ်စုရယ်လို့
လာဖြစ်ကြပေမယ့် ဒကာမကြီးက တော့ ရှေ့ကသွားနှင့်ပြီဆိုတာ တစ်နည်းအားဖြင့်ပြောရရင် 'သတ္တ၀ါ
မှန်သမျှ ကိုယ့်ကံကိုယ်ထမ်းပြီး ကိုယ့်လမ်းကိုကိုယ် လျှောက်ကြ
ရတယ်' ဆိုတဲ့ သဘောကို လက်တွေ့ပြသွားတာပဲလို့ အမှန်မြင် အောင်ကြည့်ပြီး
သံဝေဂယူကြရမယ်။
ပရိသတ်။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ကိုယ့်လမ်းကိုကိုယ်
ဘယ်လိုလျှောက်ကြသလဲဆိုတာကို ဥပမာလေး
တစ်ခုနဲ့ နားလည်အောင် ပြောပြပါ့မယ်။
ပရိသတ်။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ မိသားစုတစ်စုမှာ
'အဖေရယ်၊ အမေရယ်၊ သမီးရယ်၊ သားရယ်'
ဆိုပြီး မိသားစုလေးယောက်ရှိတယ် ဆိုပါစို့။
ပရိသတ်။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ သင်္ကြန်ကာလရောက်လာတော့
အဖေနဲ့အမေက ဥပုသ်သွားစောင့် ကြတယ်။ သမီးလုပ်သူက အဖေအမေတွေ ချမ်းချမ်းသာသာ ဥပုသ် စောင့်နိုင်ကြပါစေဆိုပြီးတော့
ဆွမ်းချက်ပြီး ပို့တယ်။ သားဖြစ်သူ ကတော့ ဘာကောင်းမှုမှ မလုပ်ဖြစ်ဘဲ သူငယ်ချင်းတွေနဲ့
လျှောက် လည်တယ်။ အဲ ... ဥပုသ်စောင့်သွားကြတဲ့ အဖေနဲ့ အမေမှာ တောင်မှ အမေက သီလယူပြီးတဲ့အခါ
မိတ်ဆွေတွေနဲ့အတူ ဇရပ်
တစ်ခုမှာ တရားသွားအားထုတ်တယ်၊ အဖေကတော့ ရေနွေးကြမ်း သောက်ရင်း စကားဝိုင်းဖွဲ့ကျန်ခဲ့တယ်
ဆိုပါစို့။ မိသားစုလေးယောက် စိတ်နေစိတ်ထားချင်း လုပ်ရပ်ချင်း ကွာမသွားပေဘူးလား။
ပရိသတ်။ ။ ကွာသွားပါတယ် ဘုရား။
အရှင် ။ ။ စိတ်နေစိတ်ထားတွေ
လုပ်ရပ်တွေ ကွာသွားတယ်ဆိုတာ ကံတွေ ကွာသွားတာပဲ။ ကံတွေ ကွာသွားတဲ့အခါကျတော့ အကျိုးပေးတဲ့
အခါကျတော့ရော တူမှာလား ကွာမှာလား။
ပရိသတ်။ ။ ကွာမှာပါပဲဘုရား။
အရှင် ။ ။ မှန်တယ်။ အတိတ်ကံ
အထောက်အပံ့တွေကြောင့် မိသားစုတစ်ခု အနေနဲ့ ဒီဘ၀မှာ လာဆုံတွေ့ကြတယ်ဆိုရာမှာလည်း တစ်ယောက်
နဲ့တစ်ယောက် အသက်ရှည်ပုံချင်း၊ ကျန်းမာပုံချင်း၊ ရုပ်ရည်ချင်း၊ အသိပညာချင်း မတူကြဘူးဆိုတာကို
ထောက်ဆရင် အတိတ်က လည်း မတူတဲ့ကံတွေကို ဆည်းပူးလာခဲ့ကြလို့ပဲဆိုတာ ကောက်ချက် ချလို့
မရနိုင်ပေဘူးလား။
ပရိသတ်။ ။ ရနိုင်ပါတယ် ဘုရား။
အရှင် ။ ။ ကားလေးစီးဟာ လမ်းကြမ်းကြီးတစ်ခုရဲ့
ခရီးတစ်နေရာမှာဆုံပြီး အတူတူ မောင်းလာကြရင်းက လမ်းခုလတ်မှာတင် ကျန်ခဲ့တဲ့ကား၊ တောင်ခြေရင်းနားအရောက်မှာ
ကျန်ခဲ့တဲ့ကား၊ တောင်အပေါ်နားထိ တက်နိုင်တဲ့ကား၊ တောင်ကိုကျော်ပြီး ဟိုတစ်ဘက်ကိုအထိ
ခရီးနှင် နိုင်တဲ့ကားတွေဆိုပြီး ကွဲသွားကြတယ်ဆိုတာ ကားရဲ့ ဖွဲ့စည်းပုံ၊ စက်ရဲ့တွန်းအားအပြင်၊
လမ်းအနေအထားကိုကြည့်ပြီး မောင်းနှင် တတ်သူတွေရဲ့သတိပညာတွေ ကွာဟသွားမှုကြောင့်ပဲ မဟုတ်လား။
ပရိသတ်။ ။ မှန်ပါတယ် ဘုရား။
အရှင် ။ ။ ဒါကြောင့် 'ကိုယ့်ကံကိုယ်
ထမ်းပြီး ကိုယ့်လမ်းကိုယ် လျှောက်ကြ သည်' ဆိုတဲ့နေရာမှာ လိုရာပန်းတိုင်ကို ရောက်နိုင်ဖို့အတွက်
(ဦးဇင်း တို့ ဗုဒ္ဓဘာသာတွေရဲ့ အဆုံးစွန်ပန်းတိုင်က မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဖြစ်လေတော့
အဲဒီအထိ ရောက်နိုင်ဖို့အတွက်) ခုလို သံသရာ ခရီးကြမ်းမှာ ဘုရားအဆုံးအမ သာသနာတော်ကြီးနဲ့လည်း
ကြုံ ခိုက်၊ လူ့ဘ၀ကိုလည်း ရတုန်းရခိုက် သတိပညာကို လက်ကိုင်ပြုပြီး
ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်ကံတွေကို မြှင့်မြှင့်ပြီးတော့
ယူသွားနိုင်အောင် ကြိုးစားသွားကြရပါမယ်။ ကိုယ့်ကံတရားကို
ကိုယ့်သတိပညာနဲ့ ကြံ့ခိုင်သထက် ကြံ့ခိုင်အောင် ကြိုးစားသွားကြ
ရမယ်လို့ ဆိုလိုတယ်။ ကဲ ... အဲဒီအတိုင်း ကြိုးစားအားထုတ် နိုင်ကြကုန်သည်ဖြစ်၍
လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါ စေကုန်သတည်း။
ပရိသတ်။ ။ သာဓု သာဓု သာဓု ပါဘုရား။
ကိုယ့်ကံကိုယ်ထမ်း၊ ကိုယ့်စခန်း၊ ရမ်းသန်းလာကြသည်။ လမ်းခရီးမှာ၊
တွေ့ဆုံကာ၊ ခဏတာစုကြသည်။ စုကြသော်လည်း၊ ပုံစံကွဲ၊ လက်တွဲမတူညီ။
မတူညီမှု၊ အကြောင်းပြု၊ လမ်းခုလတ်တွင် ကွဲဦးမည်။ ကိုယ့်ကံကိုယ်ထမ်း၊
ကိုယ့်စခန်း၊ လှမ်းကြပေဦးမည်။ မိသားတစ်စု၊ ယခုနောင်ပါ၊ မကွဲကွာလို၊ တောင်းဆုဆိုလည်း၊
အမူကွဲက၊ မလွဲရှောင်သာ၊ ကွဲလိမ့်ရာ၊ပြုရာကံချင်းကွဲသောကြောင့်။
မိသားတစ်စု၊ ယခုနောင်ပါ၊ ဆုံချင်ပါမူ၊ အယူသီလ၊ စာဂညီညာ၊ ဉာဏ်ပညာလည်း တူနိုင်စေ။
(၀၁/၀၄/၂၀၁၄ နာရေးတစ်ခု၌ ဟောကြားသည်။)
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၁/၀၄/၂၀၁၄
0 comments: