Sunday, February 25, 2018

အရဟံဂုဏ်တော်နှင့်စပ်၍ ဆက်စပ်ကြည်ညိုဖွယ်



အရဟံဂုဏ်တော်အကြောင်း

ဒေါ် ...။ ။ ဂုဏ်တော်ပွားတယ်ဆိုတာ မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို စိတ် ထဲမှာ ထပ်ကာထပ်ကာ ဖြစ်ပွားစေတာလို့ သိထားပါတယ်။ ပွား လည်း ပွားများပါတယ်။ ဂုဏ်တော်ရဲ့အဓိပ္ပာယ်တွေကိုတော့ သိပ် မသိပါဘူး။ အချိန်ရရင် ရှင်းပြပေးပါဦး ဘုရား။
အရှင် ။ ။ ကောင်းပါပြီ ဒကာမကြီး။ ဂုဏ်တော်ဆိုတဲ့ ဝေါဟာရကို အရင်ဆုံး
ရှင်းပြပါ့မယ်။ သေချာမှတ်ပါ။ ဂုဏ်တော်ဆိုတဲ့ ဝေါဟာရမှာ 'ဂုဏ်'
ဆိုတာ ကျေးဇူးတရား၊ ချီးမွှမ်းအပ်တဲ့တရားကို ဆိုလိုတာ ဖြစ်ပြီး၊
'ဂုဏ' ဆိုတဲ့ ပါဠိစကားလုံးကနေ ဆင်းသက်လာတာလို့ မှတ်ခဲ့ပါ။
ဒေါ် ...။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ တစ်နည်းအားဖြင့် ပြောရရင်၊ အခြားသူတွေနဲ့မတူ တမူထူးခြားတဲ့
ဂုဏ်ထူးဝိသေသကို ဂုဏ်လို့ခေါ်တယ်လို့ မှတ်ခဲ့ပါ။ အဲဒီမှာ တော် တည့် ကောင်းမြတ်မှန်ကန်စွာ သူများနဲ့မတူ တမူထူးမြတ်စွာ တည်
ရှိတဲ့ ဂုဏ်ထူးဝိသေသတွေကိုတော့ 'တော်' ထည့်ပြီး 'ဂုဏ်တော်'
လို့ ခေါ်တယ်လို့ မှတ်ပါ။
ဒေါ် ...။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ဦးဇင်းတို့ မြတ်စွာဘုရားရှင်မှာ သူများနဲ့မတူ တမူထူးခြားတဲ့ ဂုဏ် ထူးဝိသေသတွေ များစွာရှိပါတယ်။ အဲဒီထဲမှာမှ လူနတ်ဗြဟ္မာတွေ


ကြားမှာ အသိများ ထင်ရှားတဲ့ ဂုဏ်တော်တွေကတော့ အရေ အတွက်အားဖြင့် ကိုးပါးရှိတယ်လို့ မှတ်ခဲ့ပါ။ အဲဒီဂုဏ်တော်ကိုးပါး ထဲက ပထမဆုံးဖြစ်တဲ့ 'အရဟံဂုဏ်တော်'အကြောင်းကို မှတ်ရ လွယ်အောင် ရှင်းပြပါ့မယ်။
ဒေါ် ...။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ 'အရဟံ' ဆိုတာ-
(၁) ''လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ လေးမြတ်ကော်ရော်ပူဇော်အထူး
ကို ခံယူတော်မူထိုက်သူဖြစ်တယ်''ဆိုတဲ့ အဓိပ္ပာယ်ပါ။
စဉ်းစားပါ။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန်တော်မူခဲ့တာ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လွန်လာခဲ့ပေမယ့် မြန်မာပြည်မှာဆိုရင် ရွှေ တိဂုံ စတဲ့ အမြို့မြို့ အရွာရွာက စေတီတော်တွေ၊ မဟာမြတ်မုနိစတဲ့
ရုပ်ပွါးတော်တွေ၊ ထိုင်းမှာဆိုရင် မြဘုရား၊ ကမ္ဘောဒီးယားမှာ ဆိုရင် အန်ကောဝပ်ကျောင်းတော်၊ အင်ဒိုနီးရှားမှာဆိုရင် ဗောဓောဗုဓုစေတီ၊ သီရိလင်္ကာမှာဆိုရင် စွယ်တော်၊ ဒဏ္ခိဏသာခါ ဗောဓိ၊ မဟာစေတီ၊ အိန္ဒိယမှာဆိုရင် မဟာဗောဓိစေတီ၊ မဟာဗောဓိပင်၊ မဟာပရိနိဗ္ဗာနရုပ်ပွားတော် စတဲ့မြတ်ဗုဒ္ဓနဲ့ပတ်သက်တဲ့ ပူဇော်ဖွယ်ရာနေရာတွေ မှာ လူတွေဟာ နေ့ညမစဲ ၀င်ထွက်သွားလာ ပူဇော်လျက် ရှိနေကြဆဲ ဖြစ်ပါတယ်။ နတ်ပြည်မှာဆိုရင် စူဠာမဏိစေတီတော်၊ ဗြဟ္မာ့ပြည် မှာဆိုရင် ဒုဿစေတီတော်ပေါ့။ အဲဒီလိုနေရာတွေမှာလည်း နတ် ဗြဟ္မာတွေဟာ ယနေ့တိုင် ၀င်ထွက်မပြတ် ပူဇော်လျက်ရှိနေကြဆဲ ဖြစ်ပါတယ်။ ဒါတင် မကသေးဘူး၊ ဗုဒ္ဓကို ကြည်ညိုကြသူတွေအနေ နဲ့ မိမိတို့ရဲ့အိမ်ဂေဟာတွေမှာ ဗုဒ္ဓကိုယ်စား ဆင်းတုရုပ်ပွားတော် များကို ပင့်ဆောင်ပြီး ကိုးကွယ်ပူဇော်နေကြဆဲ ဖြစ်ပါတယ်။ ဒါဟာ
'လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ လေးမြတ်ကော်ရော် ပူဇော်အထူးကို ခံယူတော်မူထိုက်သူဖြစ်တယ်'ဆိုတဲ့ အရဟံဂုဏ်တော်ကြောင့်ပါပဲ။
ဒေါ် ...။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ (၂) ဘာကြောင့် အဲသလို ပူဇော်အထူးကို ခံယူတော်မူထိုက်ရသလဲ မေးရင် ''လောဘ၊ ဒေါသ၊ မောဟ၊ မာန အစရှိတဲ့ ကိလေသာ တရားဆိုးတွေကို အပြီးတိုင် ပယ်သတ်တော်မူနိုင်တဲ့သူ ဖြစ်လို့ပဲ'' လို့ ဖြေရမယ်။
သေချာ စဉ်းစားပါ။ ကျောင်းတိုက်ကောင်းကောင်းကြီးတွေ၊ ဆွမ်းပွဲ ကောင်းကောင်းကြီးတွေ၊ သင်္ကန်းကောင်းကောင်းကြီးတွေ၊ ယာဉ်ပျံ ကောင်းကောင်းကြီးတွေ ဘယ်လောက်ပဲ အလှူခံရရှိတော်မူသည် ဖြစ်ပါစေ၊ အဲဒါတွေကြောင့် လောဘမဖြစ်ဘူး၊ ဒေါသမဖြစ်ဘူး၊ မောဟမဖြစ်ဘူး၊ မာန်မာန မထောင်လွှားဘူး၊ မဝါကြွား မပလွှားဘူး။ ဗိမ္ဗိသာရမင်းကြီးတို့၊ ကောသလမင်းကြီးတို့၊ လစ္ဆ္ဆ၀ီမင်းတို့လို အာ ဏာပိုင်တွေ၊ နေ့စဉ် ဆည်းကပ်ခစားပြီး ဘာလိုသလဲ အမြဲတစေ ဖြည့်ဆည်းနေကြတဲ့ အနာထပိဏ်တို့၊ ၀ိသာခါတို့၊ ဃောသကတို့ လို သူဌေးသူကြွယ်တွေ၊ ပညာအရာမှာ ထိပ်တန်းရောက်တဲ့ အရှင် သာရိပုတ္တရာ၊ တန်ခိုးအရာမှာ ထိပ်တန်းရောက်တဲ့ အရှင်မောဂ္ဂလာန် တို့လို တပည့်တပန်းတွေ များစွာရှိပါသော်လည်း အဲဒီလို တပည့်
ဒကာ၊ဒကာမတွေကြောင့် လောဘမဖြစ်ဘူး၊ ဒေါသမဖြစ်ဘူး၊ မောဟ
မဖြစ်ဘူး၊ မာန်မာနမထောင်လွှားဘူး၊ မဝါကြွား မပလွှားဘူး။ ဒါဟာ
''ကိလေသာတွေကို အြွကင်းအကျန်မရှိ ပယ်သတ်တော်မူပြီးသူ ဖြစ်တယ်'' ဆိုတဲ့ အရဟံဂုဏ်တော်ကြောင့်ပါပဲ။
ဒေါ် ...။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ (၃) အဲဒီမှာ ဒါတွေဟာ လူရှေ့သူရှေ့မှာမို့ ဟန်ဆောင်ပန်ဆောင် လုပ်တာလားလို့ မေးစရာ ရှိလာတယ်။ အဲသလို မေးလာရင် အရဟံဂုဏ်တော်ရှင် မြတ်ဗုဒ္ဓဟာ လူရှေ့သူရှေ့မှာရော၊ လူကွယ်
ရာမှာရော ဒီသဘောက ဒီသဘောပဲ၊ ပြောင်းလဲမှုရှိတော်မမူဘူး။ ကုန်ကုန်ပြောရရင် မကောင်းမှုဆိုတာကို ဆိတ်ကွယ်ရာအရပ်၌သော် မှ ပြုတော်မမူဘူး၊ စိတ်ထဲကတောင် ကြံစည်တော်မမူပါဘူးလို့ ဖြေရမယ်။
စဉ်းစားပါ။ မြတ်ဗုဒ္ဓရဲ့အားနည်းချက်ကို နေ့ညမပြတ် စောင့်
ကြည့်လေ့လာနေခဲ့ကြသူတွေ များစွာ ရှိခဲ့ပါတယ်။ မာရ်နတ်ကြီး တို့လို၊ ဆရာဒေ၀ဒတ်တို့လို သူတွေပေါ့။ သို့ပေမယ့် အပြစ်တင်ဆို စရာ ဘာတစ်ခုကိုမှ သူတို့ရှာမတွေ့နိုင်ခဲ့ကြဘူး။ ဒါဟာ ''ဆိတ် ကွယ်ရာအရပ်၌သော်မှ မကောင်းမှုကို ပြုတော်မမူတဲ့သူဖြစ်တယ်'' ဆိုတဲ့ အရဟံဂုဏ်တော်ကြောင့်ပါပဲ။

ဒေါ် ...။ ။ အင်မတန်ကြည်ညိုစရာကောင်းလှပါတယ် ဘုရား။
အရှင် ။ ။ အဲဒါဟာ ... အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်(၃)မျိုးကို ဆက်စပ်ပြီး နားလည်တတ်အောင် တိုတိုကျဉ်းကျဉ်း ရှင်းပြခဲ့တာပါ ဒကာမကြီး။ ကိုယ့်ဘာသာ ဉာဏ်မှီသလောက် အကျယ်လျှောက်ပြီး စဉ်းစား နိုင်မယ်ဆိုရင် ဂုဏ်တော်ပွားတဲ့အခါ ပိုပြီး ကြည်ညိုတတ်လာပါ လိမ့်မယ် ဒကာမကြီး။
ဒေါ် ...။ ။ ကျေးဇူးကြီးလှပါတယ် ဘုရား။ တပည့်တော်မ ကြိုးစားပါ့မယ် ဘုရား။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၂၇/၀၃/၂၀၁၄
Previous Post
Next Post

About Author

0 comments: