Wednesday, February 28, 2018

မတော်မတရားကြီးပွားချင်စိတ်တွေသာ ပျောက်သွားမှာပါ





ကိုထူး ။ ။ တရားစခန်းဝင်ပြီး တရားအားထုတ်ရင် ကြီးပွားတိုးတက်ချင်စိတ် တွေ ပျောက်များသွားမလား ဘုရား။
အရှင် ။ ။ အမယ်၊ စိုးရိမ်တတ်ရန်ကော ကိုထူးရယ်၊ တကယ်က တရားအား
ထုတ်လိုက်တဲ့အတွက် ... 
(၁) အမှားနဲ့အမှန်၊
(၂) မိစ္ဆာအာဇီဝနဲ့ သမ္မာအာဇီဝ၊
(၃) ကြံဖန်ပူလောင်နေမှုနဲ့ လုံ့လစိုက်ထုတ်မှု၊
(၄) မဖြစ်သင့်တာနဲ့ ဖြစ်သင့်တာ၊
(၅) မလုပ်သင့်တာနဲ့ လုပ်သင့်တာတွေကို ခွဲခြားသိတတ်သွားတာ သာဖြစ်ပြီး မတော်မတရား ကြီးပွားချင်စိတ်တွေသာ ပျောက် ကောင်းပျောက်သွားမှာပါ။ သမ္မာအာဇီဝကျကျ မှန်မှန်ကန်ကန်
ရိုးရိုးဖြောင့်ဖြောင့်နဲ့ ကြီးပွားတိုးတက်ချင်စိတ်တွေကတော့ ပျောက်မသွားရပါဘူး ကိုထူးရဲ့။
ကိုထူး ။ ။ နားလည်ပါပြီ ဘုရား။
အရှင် ။ ။ အင်း၊ ကိုထူးတို့လို လူတွေကတောင် တရားစခန်းဝင် တရားအား ထုတ်လိုက်လို့ရှိရင်၊ ကြီးပွားတိုးတက်ချင်တဲ့စိတ်တွေ ပျောက်သွား မလားလို့ ကြံဖန်စိုးရိမ်နေသေးရင် ဘာသာရေးနဲ့ အလှမ်းဝေးသူ တွေအဖို့ရာမှာတော့ ဆိုဖွယ်ရာ မရှိတော့ဘူး။တကယ်တော့ ဘုရား တရားတော်တွေဟာ ကြီးပွားချင်၊တိုးတက်ချင်စိတ်တွေကို မချိုးနှိမ်
ရုံတင်မက ပိုပြီးတော့တောင် ဖြစ်ပေါ်စေပါသေးတယ် ကိုထူးရဲ့၊
မစိုးရိမ်စမ်းပါနဲ့။

ကိုထူး ။ ။ မှန်ပါ့ဘုရား။ တပည့်တော်လည်း အဲသလိုပဲ ယုံကြည်ပါတယ်။ ခုလို မေးရတာကလည်း အခြားသူတွေကိုယ်စား မေးလျှောက်ရတာပါ ဘုရား။
အရှင် ။ ။ အော်၊ အဲသလိုဆိုတော့လည်း ပြောလက်စနဲ့ နည်းနည်း ဆက်ပြော
ကြတာပေါ့။
ကိုထူး ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ဘုရားလက်ထက်တော်တုန်းက အနာထပိဏ်သူဌေးကြီးတို့၊ ဗိမ္ဗိ သာရမင်းကြီးတို့ဆိုတာ သောတာပန်ကြီးတွေပဲ ကိုထူးရဲ့။ သူဌေးက လည်း သူ့စီးပွားရေးကို သူ လုပ်သလို၊ ဘုရင်ကလည်း တိုင်းပြည် အုပ်ချုပ်တဲ့အလုပ်ကို လုပ်တာပါပဲ။ အဲဒီအလုပ်တွေကို မလုပ်ချင် မကိုင်ချင်တော့ဘူးဆိုတာမျိုးတွေ မဖြစ်ခဲ့ကြပါဘူး။ တစ်ခုတော့ ရှိ တာပေါ့။ အတိုင်းအတာတစ်ခုအထိ တရားတော်ကို သိမြင်သွား ကြသူတွေမှာ ၀ိသမလောဘနဲ့ မတော်မတရားကြီးပွားချင်စိတ်တွေ၊ အဂတိလိုက်စားပြီး အုပ်ချုပ်လိုစိတ်တွေ နည်းသွားမှာတော့ အမှန် ပဲ။ ကဲ ... အဲသလို ဖြစ်သွားရင်ကော ၀မ်းနည်းစရာလား ကိုထူးရဲ့။
ကိုထူး ။ ။ အဲသလို ဖြစ်သွားရင် ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ပါ ပို တောင်ကောင်းသွားမှာပါ ဘုရား။
အရှင် ။ ။ ဟုတ်တယ်။ အဲသလိုလုပ်စမ်းပါ ကိုထူးရဲ့။
ကိုထူး ။ ။ မှန်ပါ။ သူငယ်ချင်းတွေကို ပြန်ရှင်းပြနိုင်တော့မှာဖြစ်လို့ အင်မတန် ကျေးဇူးတင်ပါတယ် ဘုရား။


တရားဓမ္မ၊ အားထုတ်က၊ မှားစွ မှန်စွသိ။
ဝိသမလောဘ၊ မဖြစ်ကြ၊ လောက ကောင်းစား၏။
အဂတိတရား၊ မလိုက်စား၊ အများချမ်းသာ၏။
ရိုးသားကြိုးစား၊ မြတ်စိတ်ထားဖြင့်၊ ကြီးပွားစေရန်၊ လုံ့လဖန်၍၊ ဉာဏ်ရည်လည်းတက်၊ စီးပွားတက်၊ ပျက်ပြားရန်မရှိ။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၁၅/၀၂/၂၀၁၃
Previous Post
Next Post

About Author

0 comments: