ကာမဂုဏ်တွေဟာ အသားအသွေးမရှိတဲ့ အရိုးလိုပင် သာယာဘွယ်မရှိ၊ ဆင်းရဲပင်ပန်းခြင်းကို
များစွာဖြစ်စေတတ်ကြ ပါတယ်၊ ဒါကြောင့် အပြစ်တွေကသာ များပါတယ်။
အရိုးနဲ့ တူပုံကတော့-သားသတ်
သမားက အမဲရိုး တခုကို အသား အသွေး ပြောင်အောင် ခြစ်ထုတ်ပြီးတော့ အနီးအပါးမှာ စောင့်မျှော်နေတဲ့
ခွေးပိန် ခွေးငတ်ကလေးစီ ပစ်ပေးလိုက်ယင် အဲဒီ ခွေးပိန် ခွေးငတ် ကလေးတွေက အဲဒီအရိုးကို
ဝမ်းပန်းတသာနဲ့ အတင်းပြေးဟပ်တယ်၊ အသား အသွေးက ဘာမျှ မရှိတော့ ပေမဲ့ အသား အသွေး အနံ့ကလေးရတာနဲ့
ခဲလိုက် ၀ါးလိုက်ြုမံ့လိုက်နဲ့ လုပ်နေတယ်၊ သူ့သွားရည်နဲ့သူ အရသာ ပေါ်သလို
ရှိနေတယ်၊ အကယ်၍သာ သူ့သွားရည် မရှိယင်တော့ ဘာမျှသာယာဘွယ် ရှိမှာမဟုတ်ဘူး၊
အဲဒီ ခွေးပိန် ခွေးငတ်ကလေးဟာ
အဲဒီ အရိုးကို ခဲနေရုံနဲ့ သူ့မှာ အစာအငတ် ပြေပါမည်လား၊ အာဟာရဓာတ်ပြည့်ပြီး
အစာဝ သွားပါမည်လား၊ အဆာငတ်လဲ မပြေနိုင်ဘူး၊
ဝလဲမ၀နိုင်ဘူး၊ အခြားအစာကို မရှာဘဲ
အဲဒီ အရိုးကိုသာ ၀ါးနေယင် ဆင်းရဲပင်ပန်းရုံမျှသာ ရှိမှာဘဲ အဲဒီ ခွေးငတ်ရဲ့ အရိုးလိုပင် ကာမဂုဏ်တွေကလဲ
သုံးဆောင်ရတဲ့သူရဲ့ နှစ်သက်သာယာမှုကြောင့်သာ ကောင်းသလိုလို ဖြစ်နေတာ ဘဲ၊ ဟိုခွေးငတ်ကလေးမှာ သူ့သွားရည်နဲ့သူ အရသာပေါ်နေသလိုပါဘဲ၊ ကိုယ့်ကိုယ်ထဲကသာ သာယာမှု
မရှိဘူးဆိုယင် ကာမဂုဏ် အာရုံတွေဟာ ဘာမျှ သာယာဘွယ် မရှိနိုင်ပါဘူး၊ နေထိုင်မကောင်းတဲ့
လူမမာမှာ ဘယ်အာရုံမှ သာယာဘွယ် မရှိသလို ဖြစ်နေမှာပါဘဲ။ ဒါကြောင့်
ကာမဂုဏ်တွေဟာ အသား အသွေး ကင်းတဲ့ အရိုးလိုဘဲ
သာယာဘွယ် မရှိဘူး၊ သူ့အတွက် ရှာရ စောင့်ရှောက်ရ
ကြောင့်ကြစိုက်ရ ပူပန်ရနဲ့ ဆင်းရဲဒုက္ခတွေကသာ များတယ်လို့ ဆင်ခြင်ပြီး ကာမဂုဏ်တွေ ကို
စွန့်ပစ်ရမယ်။
အသားတုံးနဲ့တူပုံကတော့
အသားတုံး တခုကို လင်းတ တကောင်က ဖြစ်စေ၊
စွန်တကောင်က ဖြစ်စေ ချီသွားယင်
အခြား လင်းတတွေ စွန်တွေက အဲဒီအသားတုံးကို ရချင်လို့ အဲဒီ ချီသွားတဲ့ လင်းတကို
စွန်ကို လိုက်ပြီး ထိုးကြ ဆိတ်ကြတယ်၊ အထိုးအဆိတ်ခံရတဲ့ လင်းတက
စွန်က မခံနိုင်တဲ့အခါ အဲဒီ အသားတုံးကို စွန့်လိုက်တယ်၊ အခြား တကောင်က အဲဒီ အသားကို ကောက်ယူပြီး ချီသွားပြန်တယ်၊ အဲဒီအခါမှာ
အခြားလင်းတတွေ စွန်တွေက အဲဒီ အသားတုံးကို ကောက်ယူပြီး ချီသွားတဲ့ လင်းတကို
စွန်ကို လိုက်ပြီး ထိုးကြ
ဆိတ်ကြပြန်တယ်၊ ဒီနည်းဖြင့် အသားတုံး
ချီသွားတဲ့ လင်းတဖြစ်စေ စွန်ဖြစ်စေ
အထိုးအဆိတ်ခံရတယ်၊ အသားတုံး စွန့်လွှတ်လိုက်တဲ့ လင်းတဖြစ်စေ၊ စွန်ဖြစ်စေ အထိုးအဆိတ်
မခံရတော့ဘဲ လွတ်ငြိမ်းချမ်းသာသွားတယ်၊ အဲဒီလိုပါဘဲ ကာမဂုဏ်တွေ သိမ်းပိုက်ထားတဲ့သူကို
အခြားသူတွေက အခွင့်သာယင် နှိပ်စက် ကြတယ်၊ လုယူကြတယ်၊ ဒါကတော့ အလွန်ဘဲ ထင်ရှားနေပါတယ်၊
စီးပွားရေးလောကမှာဘဲ ဖြစ်ဖြစ်၊ နိုင်ငံရေးလောကမှာဘဲ ဖြစ်ဖြစ်၊ အိမ်ထောင်ရေး လောကမှာဘဲဖြစ်ဖြစ်
ပြည့်စုံနေတဲ့ လူတွေကို မပြည့်စုံတဲ့လူတွေက အခွင့်ရယင် လုယက်ဖို့ရာ ကြံစည်နေကြတယ်။
တကယ်လဲ လုယက်ပြီး ယူကြတယ်၊ သာသနာရေးဘက်မှာတောင်မှ ဘုန်းကြီးတဲ့ပုဂ္ဂိုလ် ထင်ရှား ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို စိတ်သဘောညံ့ဖျင်းတဲ့ ပုဂ္ဂိုလ်တွေက အခွင့်ရယင်
တိုက်ဖျက်လုယက်ဖို့ ကြံနေကြတာတွေရှိသေးတာဘဲ။
ဒါကြောင့် ကာမဂုဏ်တွေကို အသားတုံးလိုပင် အနှိပ်စက် အလုယက် ခံရခြင်း၏အကြောင်း ဆင်းရဲကြောင်းဘဲ
ဆိုတာ ဆင်ခြင်ပြီးတော့လဲ စွန့်ပယ်ရမယ်။
မဟာစည်ဆရာတော်ကြီး၏ ကာမသုတ္တန်တရားတော်မှ ကူးယူဖော်ပြပါသည်။
0 comments: