Monday, February 26, 2018

သီရိလင်္ကာ သီလယူပုံထက် မြန်မာပြည်သီလယူပုံ ထူးခြားကောင်းမွန်ပုံ



ရတနာခဲကို လည်မှာဆွဲပြီး
ခေါင်းမှာ     ပန်လိုကြသောအခါ

ကိုထူး ။ ။ သီရိလင်္ကာသားတွေ သရဏဂုံသီလယူခါနီးမှာ သြကာသကန်တော့ ချိုး ဆိုကြပါသလား ဘုရား။
အရှင် ။ ။ မဆိုကြပေဘူးကိုထူး၊ အဟံ ဘန္တေ တိသရဏေနသဟ ... စတဲ့ သရဏဂုံ သီလတောင်းများလည်း မပါကြပေဘူး၊ နမောတဿ
.. ကနေ စပြီး ရွတ်ဆိုကြပါတယ်။
ကိုထူး ။ ။ ဒါဆို တပည့်တော်တို့ မြန်မာပြည်မှာ သရဏဂုံ သီလယူခါနီးမှာ ဘာကြောင့်များ သြကာသကန်တော့ချိုးက စပြီးရွတ်ဆိုကြတာလဲ ဘုရား။
အရှင် ။ ။ ရှေးပညာရှိ သူတော်ကောင်းကြီးတွေရဲ့ကျေးဇူးကြောင့်ပေါ့ ကိုထူး
ရယ်။ ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကို စင်ကြယ်အောင်လုပ်ပြီးမှ ရတနာ တွေ ဆင်မြန်းကြတဲ့သဘောမျိုးပါ။
ကိုထူး ။ ။ နည်းနည်းရှင်းပြပေးပါ ဘုရား။
အရှင် ။ ။ လောကမှာ ညစ်ပတ်ပေကျံနေသူတွေဟာ ရတနာတွေရဲ့ နားသက်
ရာ မဟုတ်ပေဘူးတဲ့ ကိုထူးရဲ့။ ဒီနေရာမှာ သရဏဂုံထိုက်တဲ့
ရတနာတွေက ဘုရား ရတနာ၊ တရားရတနာ၊ သံဃာရတနာလို့ ဆိုလေတော့ အဲဒီသုံးပါးဟာ မှီခိုကိုးစားထိုက်တဲ့ ရတနာတွေပေါ့။ နေဦး၊ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ မဂ္ဂင်္ဂံပပ္ဖေါဋေသိကထာ စာအုပ်မှာ လာရှိတဲ့ 'ရတနာတွေကိုကိုင်တွယ်ဆင်မြန်းဖို့ရာ မထိုက် တန်သူ ၂ မျိုးထဲက ဒုတိယအမျိုးအစား' ကို ဆရာတော်ကြီး ရေးထားတဲ့အတိုင်း ဖတ်ပြလိုက်ရင် ပိုပြီးနားရှင်းမယ်၊ နားထောင်။
ကိုထူး  ။ ။ မှန်ပါ့ဘုရား။
အရှင်  ။ ။ 'ဒုတိယအမျိုးအစားဖြစ်တဲ့ ညစ်ပတ်ပေကျံနေသူများမှာလည်းပဲ
ရတနာ မနားသက်ပေဘူး။ သည်အမျိုးအစားက ဘုရားအပေါ် မယုံဘူး၊ မယုံသလိုလည်း ပြစ်မှား၊ တရားအပေါ် သူမယုံ၊ မယုံ သလောက်လည်း စော်ကား၊ သံဃာအပေါ် သူမယုံ၊ မယုံသလို လည်း အန်တုနေသူများပဲ။ သည်အားလုံးဟာ ရတနာအပေါ် မည်းညစ်စိတ်နဲ့ မှားယွင်းထားသူများဖြစ်နေကြလို့ ရတနာနဲ့ မထိုက်တန်ပြန်ဘူး' တဲ့ ကိုထူးရဲ့။
ကိုထူး  ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ဆရာတော်ကြီးက ဆက်ရှင်းပြထားတယ်။ ''သည်ညစ်ပေသူများ သည်နေ့ ရတနာတန်ဖိုး ရိပ်မိလာကြပြီ၊ သည်နေ့ ရတနာခဲ ခေါင်း မှာဆင်လို့ ရင်မှာ ဆွဲလိုကြပြီ။ သည်အခါ ဦးစွာရတနာနဲ့ ထိုက် တန်အောင် ကိုယ်စိတ်နှစ်တန် သန့်ပြန့်စင်ကြယ်အောင် ထိုအပြစ် များကို ဆေးကြောသုတ်သင်ကြရတော့မယ်။ ရတနာခဲ ဆွဲပြီး မင်းပွဲ စိုးပွဲ တက်ချင်လျှင် ဦးစွာ သန့်ရေ သုံးရေများနဲ့ စင်ကြယ်အောင် ရေချိုးကြသလိုပေါ့ကွယ် ... သည်မှာတင် သြကာသရယ်လို့ ကန်တော့ခန်း ပေါ်လာခဲ့တယ်'' တဲ့ ကိုထူးရဲ့။
ကိုထူး  ။ ။ ရှင်းပါပြီ ဘုရား။ ကျေးဇူးကြီးလှပါတယ် ဘုရား။
(ရခဲလှသည့် လူ့ဘ၀ကိုလည်း ရတုန်းရခိုက် ရတနာသုံးပါးလည်း ပေါ်ထွန်းခိုက် တွင် ရတနာသုံးပါးနှင့်ဆက်စပ်သည့် အမိုက်စိတ်၊ အညစ်စိတ်များကို ပယ်ချိုး တော်မူနိုင်ကြပါစေ။ သရဏဂုံ ရတနာခဲကို ခေါင်းမှာဆင်၍ ရင်မှာ ဆွဲနိုင်လောက် အောင် ကိုယ်စိတ်နှစ်တန် သန့်ပြန့်စင်ကြယ်တော်မူနိုင်ကြပါစေသတည်း။)


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၂၆/၀၃/၂၀၁၄
Previous Post
Next Post

About Author

0 comments: