မနေ့က သူငယ်ချင်းတစ်ပါးနေတဲ့ကျောင်းက ကျောင်းထိုင်ဆရာ တော်ကြီး
ပျံလွန်တော်မူသွားတယ်။
ဒီနေ့ သူငယ်ချင်းနဲ့အတူ ရေဝေးသုသာန်ကို လိုက်သွားပြီး
ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို အပ်နှံခဲ့ကြတယ်။
စာရေးသူအတွက်ကတော့ ဒါဟာ အလောင်းတွေထားတဲ့ အအေး ခန်းနားကို ပထမဆုံးအကြိမ်
ရောက်ဖူးခြင်းပါပဲ။ (တောမှာ ကျောင်းထိုင် ခဲ့တုန်းကတော့ သုသာန်အတော်များများကို မကြာခဏ
ရောက်ခဲ့ဖူးတာ ပေါ့။)
ဝန်ထမ်းတွေဟာ အလောင်းတွေနဲ့ အလုပ်ရှုပ်နေကြတာကို တွေ့ရတယ်။ အလောင်းရှင်တွေကတော့
မိမိတို့ရဲ့ ဘယ်သူဘယ်ဝါပဲ (ဥပမာ ... ငါတို့ဆရာတော်ကြီးပဲ၊ ငါ့အဖေပဲ၊ ငါ့အမေပဲ) ဆိုတဲ့အတွေး
နဲ့ အလောင်းကို ရိုသေနေကြသလောက် ၀န်ထမ်းတွေအတွက်ကတော့ အလောင်းတစ်လောင်းဟာ အလောင်းတစ်လောင်းထက်
ပိုပုံ မရပါဘူး။
သူတို့လုပ်စရာရှိတာတွေကို ဂရုတစိုက်လုပ်နေကြရုံမှအပ ဒါဆရာတော် ကြီးပဲ၊
ဒါကတော့ ကလေးလေးပဲ၊ ဒါကတော့ ဘယ်သူဘယ်ဝါပဲဆိုတဲ့ အတွေးမျိုး သူတို့မှာ ရှိပုံ မရပါဘူး။
နာရေးတင်လာတဲ့ ကားတစ်စီးဆိုက်လာရင် ကားပေါ်က အလောင်းကိုရေချိုးပေးတဲ့နေရာထဲကိုသယ်သွားကြမယ်။
ပြီးရင် အအေး ခန်းထဲကို ပို့ကြမယ်။ တခိျု့အလောင်းတွေကိုတော့ အအေးခန်းထဲက ပြန်ထုတ်လာကြပြီး
ရေချိုးခန်းထဲကို သယ်သွားကြတာ တွေ့ရတယ်။ ထပ်ပြောရရင် သူတို့လုပ်စရာရှိတာတွေကို လုပ်နေကြတဲ့
သဘောလောက် ပဲ တွေ့ခဲ့ရတယ်။
ဆရာတော်ကြီးအလောင်းကလည်း 'ဟေ့ ... ငါက ဆရာ တော်ကြီးကွ၊ မင်းတို့
ငါ့ကို လူသာမန်တွေအလောင်းကို ကိုင်တွယ်သလို မလုပ်ကြနဲ့' လို့ မပြောနိုင်တော့သလို ကလေးလေးအလောင်းကလည်း
'သားကို ဒီလို မလုပ်ကြပါနဲ့'လို့ မပြောနိုင်တော့ပါဘူး။
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ...
ရာထူးဂုဏ်၊ ကျော်ကြားမှုအရှိန်အ၀ါဂုဏ် ... ငယ်ဂုဏ်၊ ကြီးဂုဏ်
...
ဂုဏ်ပေါင်းစုံတွေဟာ
သုသာန်ဝမှာတင်ပဲ ခ၀ါကျခဲ့ကြရပါပြီကော ...။
(သံဝေဂတရားဖြင့် လောဘ၊ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာ၊
မစ္ဆ္ဆရိယတရားဆိုးများကို ချေဖျက်နိုင်ကြပါစေသတည်း)
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၅/၀၆/၂၀၁၁
0 comments: