Tuesday, February 27, 2018

ကောင်းကံကို ချေဖျက်ခဲ့ကြသူတွေ အကြောင်း





အရှင် ။ ။ ဉာဏ်နဲ့ဝီရိယအရေးပါပုံကိုတော့ မနေ့က ပြောခဲ့ကြပြီးပြီ။ ဒီနေ့ တော့ ကံဆိုတာ ချေဖျက်လို့လည်းရ၊ ပြုပြင်ယူလို့လည်း ရပါတယ် ဆိုတဲ့အကြောင်း ပြောပြရမယ်။ ရှေးဦးစွာ ကောင်းကံကို ချေဖျက် ခဲ့ကြသူတွေအကြောင်းကို ပြောပြမယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ဘုရားရှင်လက်ထက်တော်က လူတွေအကြောင်း မပြောခင်၊ ဦး ဇင်းတို့ သူငယ်ချင်းတစ်ပါး ပြောပြဖူးတဲ့ ကံကိုချေဖျက်သွားသူ တစ်ယောက်အကြောင်းကို အရင်ဆုံး ပြောပြရဦးမယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ဒီအကြောင်းကို ပြန်ပြောပြတဲ့ ဦးဇင်းတို့သူငယ်ချင်းရဲ့ အသိတွေ ထဲမှာ လက္ခဏာပညာကို အတော်အတန် ကျွမ်းကျင်နိုင်နင်းတဲ့ လက္ခဏာဆရာတစ်ဦးရှိပြီး အဲဒီဆရာဟာ အသက်တမ်းကို ဆုံး ဖြတ်ဟောပြောတဲ့နေရာမှာ ပိုပြီးမှန်ကန်တိကျမှုရှိတယ်လို့ဆိုတယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ တစ်နေ့တော့ ရပ်ကွက်ထဲက အသက်(၄၀)အရွယ် အရက်သမား
တစ်ယောက် လက္ခဏာလာကြည့်ပါသတဲ့။ သူက ပိုက်ဆံရှိတဲ့
 အသိုင်းအ၀ိုင်းက။ သူ အသက်ဘယ်လောက် ရှည်ရှည်နေရမလဲ လာမေးတာ။ လက္ခဏာဆရာလည်း သေသေချာချာကြည့်ပြီး အသက်(၆၀)ကျော်အထိနေရမယ်လို့ ဟောလိုက်တယ်။ အရက် သမားလည်း အဲဒီနေ့ကစပြီး စည်းလွတ်ဝါးလွတ်သောက်လိုက်တာ တစ်နှစ်ကျော်ကျော်လောက်အကြာမှာပဲ ဆုံးပါလေရောတဲ့။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ အဲဒီမှာ သူ့အမတွေက လက္ခဏာဆရာဆီကို လာပြီးရန်တွေ့ကြ ပါသတဲ့။ လက္ခဏာဆရာလည်း အသုဘအိမ်ကို လိုက်သွားပြီး တစ်ချက်ပြန်ကြည့်တဲ့အခါ သေသူရဲ့အသက်လမ်းကြောင်းဟာ သူ့ဆီလာကြည့်တုန်းကနဲ့မတူဘဲ ပြောင်းလဲနေတာကို တွေ့ရပါ သတဲ့။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ အဲဒါကတော့ အသက်ရှည်ရှည်နေရမယ့်အတိတ်ကံကို ပစ္စုပ္ပန် ကံမိုက်က ဖျက်ဆီးပစ်လိုက်တဲ့ လောကသာဓကတစ်ခုလို့ မှတ် ခဲ့ပါ။ အခုဆက်ပြီး ဘုရားရှင်လက်ထက်တော်အခါတုန်းက အတိတ် ကံကို ချေဖျက်ခဲ့ကြသူတွေအကြောင်း အကျဉ်းချုံးပြီး ပြောကြရ အောင်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင်        ။ အဇာတသတ်လို့ ဆိုလိုက်ရင် ဒကာ/မတွေ အားလုံးကြားဖူး
        ကြပါတယ်။ ဖခင်ဖြစ်တဲ့ ဘုရင်ဗိမ္ဗိသာရကို သတ်တဲ့သူပေါ့။ အဖေ
        ကိုသတ်ပြီးတဲ့နောက် ညညဆို နောင်တတွေနှိပ်စက်ပြီး အိပ်
        မပျော်တာနဲ့ပဲ ဘုရားရှင်ဆီကို ရောက်လာတယ်။ ဘုရားရှင်လည်း
        သာမညဖလသုတ်ဒေသနာတော်ကို ဟောကြားပြီး အပူသောက
        ကို သက်သာရာရစေတယ်။ သူပြန်သွားတဲ့အခါကျတော့ ဘုရားရှင်
        က 'ရဟန်းတို့၊ ဟောဒီအဇာတသတ်ဘုရင်ဟာ သူ့ရဲ့ထောက်
        တည်ရာကို သူကိုယ်တိုင်ပဲ တူးဖြိုခဲ့တယ်၊ သူ့ကိုယ်သူ ဖျက်ဆီးခဲ့
        တယ်။ သူဟာ တရားစောင့်တဲ့၊ တရားသဖြင့် မင်းပြုတဲ့ သူ့
        အဖေကို မသတ်ခဲ့ဘူးဆိုရင် ဒီနေရာမှာတင်ပဲ သောတာပတ္တိ
        မဂ်ဉာဏ်ဖြစ်ပေါ်လာလိမ့်မယ်' ဆိုပြီး မိန့်တော်မူတယ်။ ဒါကို
        ကြည့်ခြင်းအားဖြင့်၊ အကြံအစည် အပြောအဆို အလုပ်အကိုင်
        နေရာမကျရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုအထိ ကျေးဇူးပြုနိုင်စွမ်း
ရှိတဲ့ အတိတ်ကံကိုတောင် ပစ္စုပ္ပန်ကံမိုက်က ဖျက်ဆီးပစ်လိုက်
နိုင်တယ်ဆိုတာ သေသေချာချာ မှတ်ခဲ့ကြပါ။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ နောက်ထပ် သာဓကတစ်ခုလောက် ပြပါဦးဘုရား ဆိုရင်တော့၊ ဓမ္မပဒအဋ္ဌကထာ၊ ဇရာဝဂ်မှာ မှတ်တမ်းတင်ထားတဲ့ ဓနသေဋ္ဌိတို့ လင်မယားကို ပြရမှာပါပဲ။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ သူတို့လင်မယားဟာ ကုဋေ(၁၆၀)တောင် ကြွယ်ဝချမ်းသာခဲ့ ကြပေမယ့် အတိုင်းအတာမရှိ မူးရူး သုံးဖြုန်းပစ်လိုက်ကြတာ၊ နောက်ဆုံးတော့ ဘုရားကျောင်းနားကိုလာပြီး ဆွမ်းကျန်ဟင်း ကျန်လေးတွေ တောင်းရမ်းစားသောက်ရတဲ့အထိ ဖြစ်သွားခဲ့ကြ
ရတဲ့သူတွေပေါ့။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင်        ။ သူတို့တွေကို မြင်တော်မူတော့ ဘုရားရှင်က 'ကြည့်စမ်းပါ အာနန္ဒာ၊
                ဟောဒီ မဟာဓနသူဌေးသားဟာ ကုဋေ (၁၆၀) ကို ဖြုန်းတီးပြီး၊
                မယားကို ခေါ်ပြီး တောင်းရမ်းစားသောက်နေတယ်။ အကယ်၍များ
                ပထမအရွယ်မှာ စီးပွားရှာခဲ့မယ်ဆိုရင် သူဟာ ဒီမြို့မှာ ပထမ
                တန်းစားသူဌေးကြီးဖြစ်လိမ့်မယ်၊ ရဟန်းပြုခဲ့မယ်ဆိုရင် အရဟတ္တ
                ဖိုလ်ကို ရလိမ့်မယ်၊ သူ့မယားဟာလည်း အနာဂါမိဖိုလ်ကိုရလိမ့်
                မယ်။ ဒါမှမဟုတ်၊ ဒုတိယအရွယ်မှာ စီးပွါးရှာခဲ့မယ်ဆိုရင် ဒီမြို့မှာ
                ဒုတိယတန်းစားသူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြုခဲ့မယ်ဆိုရင်
                အနာဂါမ်ဖြစ်လိမ့်မယ်။ သူ့မယားက သကဒါဂါမ် ဖြစ်လိမ့်မယ်။
                ဒါမှမဟုတ် တတိယအရွယ်မှာ စီးပွါးရှာခဲ့မယ်ဆိုရင် တတိယ
                တန်းစားသူဌေးကြီး ဖြစ်လိမ့်ဦးမယ်။ ရဟန်းပြုခဲ့မယ် ဆိုရင်တော့
                သကဒါဂါမ် ဖြစ်လိမ့်မယ်။ သူ့မယားကတော့ သောတာပန် ဖြစ်
                လိမ့်မယ်။ အခုတော့ လူ့စည်းစိမ်တွေမှလည်း ဆုတ်ယုတ်ခဲ့ရ
                သလို ရဟန်းစည်းစိမ်မဂ်ဖိုလ်မှလည်း ဆုတ်ယုတ်ခဲ့ရပြီ။ ခြောက်
                သွေ့နေတဲ့ ရေအိုင်ထဲက ကြိုးကြာငှက်အိုကြီးတွေလို ဖြစ်ခဲ့ရပြီ'
                ဆိုပြီး အနားမှာရှိတဲ့ ညီတော်အာနန္ဒာကို မိန့်တော်မူတယ်။
ပရိသတ်            ။ မှန်ပါ့ဘုရား။
အရှင်        ။ ဆိုလိုတာက လောကီချမ်းသာအတွက်ရော၊ လောကုတ္တရာချမ်း
သာအတွက်ပါ အထောက်အမ ပြုနိုင်စွမ်းတဲ့၊ (တစ်နေ့က ပေးခဲ့ တဲ့ ဥပမာလို၊ အထက်က ရေစင်မှာရှိတဲ့ ရေနဲ့တူတဲ့) အတိတ်ကံ တွေ ရှိခဲ့ကြပါလျက် အဲဒီကံတွေကို ပစ္စုပ္ပန် ဉာဏ် ၀ီရိယတွေနဲ့ ဆွဲငင်သုံးဆောင်ခြင်းမပြုကြတဲ့အတွက် ကံရှိသော်လည်း ခံစားခွင့် တွေ လွဲချော်သွားခဲ့ကြရတယ်လို့ ဆိုလိုတယ်။ တစ်နည်းအားဖြင့် ပြောရရင် အတိတ်က ဆည်းပူးခဲ့တဲ့ ကောင်းကံတွေကို မူးရူးသုံး ဖြုန်း မေ့လျော့ပျော်ပါးခြင်းဆိုတဲ့ ပစ္စုပ္ပန်ကံမိုက်တွေနဲ့ ဖျက်ဆီး ပစ်လိုက်ကြတာပဲလို့ မှတ်ကြရမယ်။
ပရိသတ် ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ ဒါက အတိတ်ကကောင်းကံတွေကို ပစ္စုပ္ပန်ကံမိုက်တွေနဲ့ ဖျက် ဆီးပစ်လိုက်လို့ ရပါတယ်ဆိုတဲ့အကြောင်း သာဓကတွေနဲ့ ပြော ပြခဲ့တာ။ အတိတ်ကဆိုးကံတွေပါလာခဲ့ရင်လည်း ပစ္စုပ္ပန်ကောင်း ကံတွေနဲ့ ပြုပြင်ယူလို့ ရပါတယ် ဆိုတဲ့အကြောင်းကိုတော့ နောက် နေ့မှ ဆက်ကြတာပေါ့။ ကဲ ... ဒီနေ့တော့ ဒီလောက်ပါပဲ။
ပရိသတ် ။ ။ သာဓု သာဓု သာဓုပါ ဘုရား။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၀၆/၀၄/၂၀၁၄
Previous Post
Next Post

About Author

0 comments: