Wednesday, February 28, 2018

စံချိန်စံညွှန်းမီရင် ရနိုင်ပါတယ်






ကိုထူး ။ ။ မနက်အားထုတ် ညရတယ်ဆိုတာဖြစ်နိုင်ပါ့မလား ဘုရား။
အရှင် ။ ။ ဘယ်အရာမှာမဆို တစ်ခုခုကို အောင်မြင်ပြီးမြောက်ဖို့နိုင်ဖို့အတွက် ဆိုရင် စံချိန်စံညွှန်းကိုက်ညီဖို့ လိုအပ်ပါတယ်။ အပူချိန် ၁၀၀ ဒီဂရီ စင်တီဂရိတ်ပေးပါမှ အရည်ပျော်နိုင်မယ့် သတ္တုတစ်ခုကို အရည်ဖျော် မယ်ဆိုရင် အပူချိန်၁၀၀ ဒီဂရီစင်တီဂရိတ် အပြည့်ပေးနိုင်ဖို့ လိုရင်း ပါပဲ။ ၂၄ နာရီအတွင်း အပူချိန်ပြည့်ပေးနိုင်ရင် ၂၄ နာရီအတွင်းမှာ အရည်ပျော်ပါမယ်။ ၄၈ နာရီအတွင်း အပူချိန်ပြည့်ပေးနိုင်ရင် ၄၈ နာရီအတွင်း အရည်ပျော်မှာ ဖြစ်ပါတယ်။ အဲဒီဥပမာအတိုင်းပဲ တရားအားထုတ်တဲ့နေရာမှာလည်း ကိလေသာတွေကို ပယ်သတ်နိုင် တဲ့ ဓမ္မစံချိန်စံညွှန်းကိုက်ညီအောင် အားထုတ်နိုင်ရင် မနက်အား ထုတ်ရင် ညရနိုင်တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
ကိုထူး ။ ။ မှန်ပါ့ဘုရား။
အရှင် ။ ။ မဟာသတိပဋ္ဌာနသုတ်တော်မှာ သတိပဋ္ဌာန်လေးပါးကို ပွားများအား ထုတ်ရင် ခုနစ်နှစ်အတွင်း တရားထူးရနိုင်ကြောင်း ဟောတော်မူပါ တယ်။ အဲဒီကနေ ခြောက်နှစ်၊ ငါးနှစ်၊ လေးနှစ်၊ သုံးနှစ်၊ နှစ်နှစ်၊ တစ်နှစ် စသည်အားဖြင့် အဆင့်ဆင့်ဟောကြားတော်မူခဲ့ပြီး နောက် ဆုံး ခုနစ်ရက်အတွင်း တရားထူးရနိုင်ကြောင်း ဟောကြားတော်မူ ခဲ့ပါတယ်။


ကိုထူး ။ ။ မှန်ပါ့ဘုရား။
အရှင်        ။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏသာသပါဠိတော်၊ ရာဇ၀ဂ်၊ ဗောဓိရာဇ
                ကုမာရသုတ်မှာတော့ 'မင်းသားတစ်ရက်ကို ထားဦးလော့၊ ဤ
                ကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်း အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော
                ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်
                ရှိသော်၊ ညချမ်းအခါဆုံးမမူ နံနက်အခါ၌ တရားအထူးကို ရပေလိမ့်
                မည်၊ နံနက်အခါ ဆုံးမမူ ညချမ်းအခါ၌ တရားအထူးကို ရပေလိမ့်
                မည်' ဆိုပြီး ဟောတော်မူထားပါတယ်။
ကိုထူး        ။ မှန်ပါ၊ သဘောကျ ကျေနပ်ပါပြီဘုရား။

ဘုရားရှင်အား၊ ယုံကြည်ငြား၊ မှတ်သား မဂ်ရကြောင်း။ ကျန်းမာသောထွေ၊ အစာကြေ၊ မှတ်လေ မဂ်ရကြောင်း။ ဟန်ဆောင်ကင်းကွာ၊ ရိုးဖြောင့်ပါ၊ မှတ်ပါ မဂ်ရကြောင်း။
ဝီရိယသန်၊ အားထုတ်ပြန်၊ အမှန် မဂ်ရကြောင်း။ ဖြစ်ပျက်မြင်သိ၊ ဉာဏ်မြင်ရှိ၊ မှတ်ဘိ မဂ်ရကြောင်း။ စံညွှန်းကိုက်က၊ ရနိုင်ကြ၊ ဉာဏဆင့်ဆင့်လောင်း။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၂၈/၁၂/၂၀၁၃
Previous Post
Next Post

About Author

0 comments: