Tuesday, February 27, 2018

အသိအမြင်တစ်ခု ပွင့်လင်းသွားခြင်းအကျိုး






ဒေါ် ... ။  ။ တပည့်တော်က ဟိုးအရင်က ဘာသာခြားပါဘုရား ... ခုတော့ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်နေပါပြီ။ ငယ်ငယ်တုန်းက မလိမ်မိုး မလိမ္မာနဲ့ ဗုဒ္ဓကို ၀စီကံမြောက် ပြစ်မှားခဲ့တာတွေ ရှိခဲ့ဖူးလေတော့ မနက်ပိုင်း တောင်းပန်ဝန်ချ ကန်တော့တဲ့အခါတိုင်း အင်မတန် လေးလေးနက်နက်ကန်တော့ဖြစ်ပါတယ် ဘုရား။
အရှင်   ။ အော်၊ ဖြစ်တတ်ပါတယ် ဒကာမကြီး။ မှားခဲ့မိတာကို မှားခဲ့မိ မှန်းသိပြီး နောင် ဒီလို မမှားတော့ပါဘူးဆိုတဲ့ စိတ်ထားနဲ့ ရိုးရိုး ဖြောင့်ဖြောင့် ၀န်ချတောင်းပန်ရင် ကျေပျောက်နိုင်ပါတယ်။
ဒေါ် ... ။  ။ မှန်ပါဘုရား။ အဲဒီတုန်းက ငယ်ကလည်း ငယ်သေးတာဆိုတော့၊ ပတ်ဝန်းကျင်ကလည်း ဘာသာခြားတွေချည်းပဲဆိုတော့ သူတို့ စကားတွေကိုပဲ နားယောင်ပြီး ပြစ်မှားမိခဲ့တာပေါ့ ဘုရား။ နောက် တော့ စာပေတွေလည်း ဖတ်ရှုလေ့လာ၊ တရားတွေလည်း နား ထောင်ဖြစ်လာတော့ ကိုယ်မှားခဲ့မိတာတွေအတွက် နောင်တရ မဆုံးဘူး ဘုရား။ ဒါကြောင့် ခုဆိုရင် မအားလပ်တဲ့ကြားထဲက တရားစခန်းဆိုလည်း ၀င်တယ်။ သီလလည်း ဆောက်တည်တယ်။ အလှူဒါနလည်း တတ်နိုင်သလောက်ပြုပါတယ် ဘုရား
အရှင်        ။ အင်မတန် ၀မ်းသာပါတယ် ဒကာမကြီး။ စားဝတ်နေရေး လူမှုရေး
                ဆိုတာတွေကတော့ မသေမချင်း လုပ်နေကြရမှာပေါ့။ တရားဓမ္မ
                အလုပ်ဆိုတာက အဲသလို မအားလပ်တဲ့ကြားထဲကပဲ ကြိုးစားပြီး
                လုပ်ကြရတာပါပဲ။ နောက် အလေ့အကျင့်ဖြစ်သွားတဲ့အခါကျတော့
                ဓမ္မအလုပ်ဆိုတာ သွားရင်းလာရင်း ရောင်းရင်းဝယ်ရင်းနဲ့လည်း
                ရှုမှတ်ပွားများလို့ရတယ် ဆိုတာကို သိလာပါလိမ့်မယ် ဒကာမကြီး။
ဒေါ် .. . ။     ။ မှန်ပါ့ဘုရား။ အဲသလို ရှုမှတ်နိုင်အောင်လည်း ကြိုးစားပါတယ်
                ဘုရား။ တသီးတသန့်အချိန်ပေးပြီးလည်း နေ့စဉ် မနက်ဘက်
                (၁)နာရီ၊ ညဘက်(၁)နာရီလောက် ရအောင် ဘုရားရှိခိုး၊ ပဋ္ဌာန်း
ရွတ်၊ တရားအားထုတ်ပါတယ် ဘုရား။
အရှင်        ။ သာဓု သာဓု သာဓု ပါ ဒကာမကြီး။
ဒေါ် ... ။  ။ မှန်ပါ့ဘုရား။ ဟိုတုန်းကတော့ အရာရာဟာ ဖန်ဆင်းရှင် အလို တော်အတိုင်းဖြစ်ရတာပဲလို့ ယူမှတ်ခဲ့တာပေါ့ဘုရား။ ခု ပဋိစ္စ သမုပ္ပါဒ်တရားတော်တွေ နာယူခွင့်ရတဲ့အခါကျတော့ ဖန်ဆင်းရှင် ဆိုတာ ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူး၊ အတိတ်အကြောင်းခြင်းရာ ငါးပါးပဲဆိုတာကို ကိုယ်တွေ့တွေနဲ့ယှဉ်ထိုးပြီး ခွဲခြား သိမြင်လာခဲ့ ပါတယ် ဘုရား။ 'အ၀ိဇ္ဇာနှင့် တဏှာရင်းခံ၊ ဥပါဒါန်၊ ကံကြောင့်
ရုပ်နာမ်ပေါ်။ အပင်မှမျိုး၊ မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ် သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့် ကံ၊ အဖန်ဖန်၊ ဖြစ်ပြန်နည်းအလျော်။ ဗြဟ္မာသိကြား၊ စသည်များက၊ ထင်ရှား ပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြာင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တ၀ါတို့၊ ဖြစ်လာရမှု၊ မဟုတ်ဟု၊ ဉာဏ်ဖြင့်ရှု၍မျှော်' ဆိုတဲ့ လင်္ကာကို ရွတ်မိတိုင်း ကိုယ့်ရဲ့စိတ်နေစိတ်ထား ကံတရားတွေကို အ၀ိဇ္ဇာ တဏှာရဲ့လက်အောက်က လွတ်အောင် ပြုပြင်ယူရမယ် မှန်း သိသိလာပါတယ်ဘုရား။
အရှင်   ။ အင်မတန် ၀မ်းသာပါတယ် ဒကာမကြီး။ အသိအမြင်တစ်ခု ပွင့်လင်းသွားတာဟာ အင်မတန် တန်ဖိုးရှိပါတယ်။ အသိအမြင် မပွင့်လင်းကြလို့ပဲ ဦးဇင်းတို့တွေဟာ အနှစ်သာရ မရှိတာတွေကိုအနှစ်သာရ ရှိတယ်ထင်၊ အနှစ်သာရရှိတာတွေကိုတော့ အနှစ် သာရမရှိဘူးထင်ပြီး လွဲလွဲနေကြတာပေါ့။
ဒေါ် ... ။      ။ မှန်ပါ့ဘုရား။
အရှင်        ။ နောင်လည်း မရှင်းလင်းတာတွေရှိရင် လာပြီး မေးမြန်းနိုင်ပါတယ်
ဒကာမကြီး။ ဦးဇင်းတို့လည်း တတ်နိုင်သလောက် ကြိုးစားဖြေရ
တာပေါ့။
ဒေါ် ... ။      ။ မှန်ပါ့ဘုရား၊ ခွင့်ပြုပါဦး ဘုရား။


မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ)
၂၁/၀၄/၂၀၁၄

Previous Post
Next Post

About Author

0 comments: